မော်လမြိုင် ၊ ဩဂုတ် (၂၇)

ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အနေနဲ့ သတ်မှတ်ချက်နဲ့အညီ ဥပဒေအကူအညီတောင်းခံလာသူတွေကို ပြည်ထောင်စုအဆင့်အထိ အခမဲ့ကူညီဆောင်ရွက် ပေးနေတယ်လို့ မွန်ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဌ ဦးခင်အောင်က ပြောပါတယ်။

” မူလအမှု၊ အယူခံအမှု၊ ပြင်ဆင်မှု၊ အထွေထွေမှုအပြင် ထူးခြားတဲ့အခြေအနေမှာဆိုရင်ပြည်ထောင်စုအဆင့် စာချွန်တော်ထွက်တဲ့အထိကို လာပြီးအကူအညီတောင်းတယ်ဆိုရင် နွမ်းပါးသူလည်းဖြစ်တယ်ဆိုရင် လိုက်ပါဆောင်ရွက်ပေးပါတယ် ” လို့ သူက ဆိုပါတယ်။

ရာဇဝတ်မှုနဲ့ သေဒဏ်ထိုက်တဲ့ပြစ်မှုတွေမှအပ အခမဲ့လိုက်ပါကူညီဆောင်ရွက်ပေးနေပြီး ဥပဒေအကူအညီတောင်းခံလာတဲ့အမှုတွေထဲမှာ မူးယစ်ဆေးဝါးမှုကပိုမိုများပြားပြီး မုဒိန်းမှု၊ လူသတ်မှုတွေအပါအဝင် ရာဇသတ်ကြီးနဲ့ သာမန်ရာဇဝတ်မှုတွေလည်း လာရောက် အကူအညီတောင်းခံနေတာပါ။

” နွမ်းပါးပြည်သူဖေးမကူ၊ တရားမျှတ ဥပဒေအရဆိုတဲ့အတိုင်း ဆင်းရဲနွမ်းပါးလို့ပဲ လာရောက်အကူအညီတောင်းခံကြတာပါ၊ မူလအမှု၊ အယူခံအမှု၊ ပြင်ဆင်မှု၊ အထွေထွေမှုအပြင် ထူးခြားတဲ့အခြေအနေမှာဆိုရင် ပြည်ထောင်စုအဆင့် စာချွန်တော်ထွက်တဲ့အထိကို လာပြီးအကူအညီတောင်းတယ်ဆိုရင် နွမ်းပါးသူလည်းဖြစ်တယ်ဆိုရင် လိုက်ပါဆောင်ရွက်ပေးပါတယ် ” လို့ ဦးခင်အောင်က ဆိုပါတယ်။

အဲဒီအတွက် ပြည်သူတွေသိရှိလာစေဖို့ ဆောင်ရွက်နေပြီး မြို့နယ်အလိုက် ရဲတပ်ဖွဲ့စခန်းတွေ၊ အချုပ်ခန်းတွေနဲ့ တရာရုံးတွေမှာ လက်ကမ်းစာစောင်နဲ့ အကူအညီတောင်းခံနိုင်မှုတွေအတွက် လိုက်လံဟောပြောပေးနေပြီး ရပ်ကွက်နဲ့ကျေးရွာတွေကိုလည်း  သတ်မှတ်ထားတဲ့ဥပဒေ ပြဌာန်းချက်တွေကို ဆက်လက်ရှင်းလင်း ပြောကြားပေးဖို့ရှိကြောင်းနဲ့ ရှေ့နေငှားရမ်းပေးတာအပြင် ဥပဒေဆိုင်ရာအသိပညာ၊ အကြံပေးဉာဏ်နဲ့ သတင်းအချက်အလက်တွေပေးတယ်လို့ သိရပါတယ်။

” ကျေးလက်ဒေသအထိ သိသူနည်းသေးတာတွေ့ရတယ်၊ ဥပဒေအထောက်အကူထိရောက်စွာရဖို့ လိုအပ်နေသူတွေများတယ်၊ သူတို့အဖွဲ့က သတ်မှတ်ထားတဲ့ဘောင်ဝင်တဲ့အရပ်ဒေသဝန်းကျင်ကို သွားရောက်စည်းရုံးအသိပညာပေးလုပ်ဖို့ တိုက်တွန်းလိုပါတယ်၊ အမှန်တကယ် အထောက်အကူလိုနေတဲ့သူတွေအတွက် အားကိုးရာဖြစ်ဖို့က များများသိအောင်လုပ်ပေးကြပါလို့ မှတ်ချက်ပေးချင်တယ် ” လို့ ရေးမြို့နယ်အရပ်ဘက်အဖွဲ့အစည်းမှ ဦးအောင်ခိုင်က ဆိုပါတယ်။

မွန်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ ဇူလိုင်လကုန်အထိ အမှုပေါင်း ၁၀၁ မှုလိုက်ပါကူညီဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနဲ့ အဲဒီအဖွဲ့ထံသို့ သေဒဏ်ထိုက်တဲ့ပြစ်မှုတွေမှအပ ပြစ်မှုတစ်ခုခုနဲ့ စွပ်စွဲခြင်း၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ အကျဉ်းချခြင်းခံရတဲ့ ဆင်းရဲနွမ်းပါးသူ၊ ကလေးသူငယ်၊ အမျိုးသမီးများ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အထူးပြုစုစောင့်ရှောက်မှုလိုအပ်နေသူ၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းများ၊ ခုခံအားကျဆင်းမှုနဲ့ အခြားကူးစက်မြန်ရောဂါရှိသူများ၊ နိုင်ငံမဲ့များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ၊ နိုင်ငံခြားသားများနဲ့ ဒုက္ခသည်များကိုလည်း ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

 ပြစ်မှုကျူးလွန်ခံရခြင်းကြောင့် နစ်နာသူများ၊ ထူးခြားတဲ့အကြောင်းအရာ တစ်ခုခုကြောင့် အကူညီတောင်းခံလာတဲ့ ပြစ်မှုနဲ့သက်ဆိုင်သူတွေ ဥပဒေဆိုင်ရာအထောက်အကူတွေ တောင်းခံနိုင်ပြီး ဆင်းရဲနွမ်းပါးသူဖြစ်ကြောင်းလည်း ဝင်ငွေနဲ့ အခြေခံအသုံးစရိတ်တွေကို တိုင်းတာစိစစ်မယ်လို့ သိရပါတယ်။

သတင်းနှင့်ဓါတ်ပုံ -ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.