မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအတွင်းနေထိုင်သည့် ဒေသခံများ

မော်လမြိုင် ၊ ဩဂုတ် (၂၅)

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်း ယခုနှစ်မှာ ငှက်ဖျားရောဂါ ပြန်အဖြစ်များလာတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

မွန်ပြည်နယ်မှာ ငှက်ဖျားရောဂါဖြစ်ပွားနှုန်း တစ်နှစ်ထက်တစ်နှစ်ကျဆင်းလာပေမယ့် ယခု ၂၀၂၀ ခုနှစ်မှာတော့ ငှက်ဖျားပြန်အဖြစ်များလာတဲ့အနေအထားရှိနေပါတယ်။

အထူးသဖြင့် မွန်ပြည်နယ်သစ်ပါတီထိန်းချုပ်နယ်မြေနဲ့ ဆက်စပ်နေတဲ့ ဒေသတွေမှာ အဖြစ်များနေတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနက ပြောပါတယ်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်ထိစာရင်းအရ တစ်ပြည်နယ်လုံးမှာ ငှက်ဖျားရောဂါဖြစ်ပွားသူ ၉၆၄ ဦးရှိပြီး ရေးမြို့နယ်ဟာ ငှက်ဖျားဖြစ်ပွားမှုအများဆုံးဖြစ်ပြီးတော့ ဖြစ်ပွားသူ ၃၂၁ ဦးရှိတယ်လို့လည်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စာရင်းတွေအရ သိရပါတယ်။

“ရေးတစ်မြို့နယ်တည်းကပဲ ထွက်တာများတယ် ဘာကြောင့် ရေးမြို့နယ်မှာ များတာလဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတယ် အဲဒီမှာ ဒီနှစ် ဆောက်လုပ်ရေးလုပ်ငန်းတွေ အကြီးအကျယ်လုပ်တော့ အပြင်ကလာတဲ့လူတွေ တအားများတယ် ကွင်းဆင်းချက်အရ အဓိကအချက်ကတော့ အဲဒီလူတွေ ကာကွယ်ရေးအတွက် ခြင်ထောင်နဲ့ မအိပ်ကြဘူး ခြင်းတွေကိုက် အဲဒီကနေ ငှက်ဖျား ပြန်ပြန်ဖြစ်လာတယ်” ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင်က ပြောသည်။

ဒါပေမယ့်လည်း ငှက်ဖျားကြောင့် သေဆုံးသူမရှိသေးဘူးလို့လည်း သိရပါတယ်။

မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်ကလည်း မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွေမှာ ခါတိုင်းနှစ်တွေက ငှက်ဖျားဖြစ်ပွားမှုမရှိပေမယ့် ယခုနှစ်မှာတော့ ငှက်ဖျား တစ်ဖန်ပြန်ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

ငှက်ဖျား ပြန်အဖြစ်များနေတဲ့ဒေသကို မွန်ပြည်သစ်ပါတီက ကျန်းမာရေးဝန်ထမ်းတွေ သွားရောက် ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေတဲ့အပြင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနကလည်း ကုသမှုများ သွားရောက် လုပ်ဆောင်ပေးနိုင်ဖို့ မွန်ပြည်သစ်ပါတီနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနက ပြောပါတယ်။

ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့နဲ့ နယ်မြေထိစပ်နေတဲ့ ဝေးလန်ခေါင်ဖျားပြီး ကျန်းမာရေးဌာနက လက်လှမ်းမမီတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရှိတဲ့ ဘီးလင်းမြို့နယ်နဲ့ ရေးမြို့နယ်တို့ဟာ ငှက်ဖျားဖြစ်ပွားမှု အများဆုံးဒေသတွေဖြစ်ပါတယ်။

ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါကာကွယ်တိုက် ဖျက်ရေးဌာနကလည်း မွန်ပြည်နယ်အတွင်း ငှက်ဖျားဖြစ်ပွားမှုနှုန်းလျော့ကျလာစေရန် ငှက်ဖျားရောဂါနဲ့ပတ်သက်တဲ့ ကာကွယ်ရေး၊ ကုသရေးအပြင် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကိုလည်း NGO, INGO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာတွေလည်းရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.