ရေး ၊ ဩဂုတ် (၂၄)

ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ မွန်ပြည်နယ်ငါးလုပ်ငန်း စျေးကွက်ပျက်နေတာကြောင့် လာမယ့်ငါးဖမ်းရာသီမှာ နိုင်ငံတော်အနေမှ ဈေးကွက်ဖော်ဆောင်ပေးဖို့ မွန်ပြည်နယ် ငါးလုပ်ငန်းရှင်တွေက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော်အနေနဲ့ ကိုဗစ်ကာလမှာ ချေးငွေချထားပေးဖို့ ဆောင်ရွက်နေပေမယ့် ငါးဈေးကွက်မရှိပါက ချေးငွေရလည်း အဆင်မပြေနိုင်ဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

 လက်ရှိအခက်အခဲတွေကြောင့် လာမယ့်ငါးဖမ်းရာသီအဖွင့်မှာ ဆက်လက်လုပ်ကိုင်ဖို့ မမျှော်မှန်းနိုင်တဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

” ချေးငွေရလည်း အဆင်ပြေပေမယ့် ငါးဈေးကွက်မရှိရင် အခက်အခဲဖြစ်မှာ၊ ချေးငွေမချေးရင်တောင်မှ ရလာတဲ့ငါးတွေကို သင့်တော်တဲ့ဈေးနဲ့ရအောင် ဆောင်ရွက်ပေးစေချင်တယ်၊ ဈေးကွက်တွေကို ရှာပေးစေချင်တယ်၊ ခုက ပစ္စည်းရလာရင် ဘယ်မှာရောင်းရမှန်းမသိသေးဘူး၊ လုပ်ငန်းမှာ လုပ်အားခတွေလည်းပေးထားရတယ်၊ လက်ရှိဈေးက ၁၀၀ မှာဆိုရင် ၆၀ လောက်ပဲရှိတယ်၊ ရာသီဖွင့်ရင် ဈေးကမရတော့ဘူး၊ အဆင်မပြေနိုင်တော့ဘူးနားရမလား လုပ်ရမလား၊ ခုက ရေခဲငါးဆိုတော့ ထားလို့မရ၊ သိမ်းလို့လည်းမရဘူး၊ ကြွေးပိပြီး ပိုဆိုးသွားနိုင်တယ်၊ အဓိကဈေးကွက်ပဲဖော်ဆောင်ပေးဖို့တောင်းဆိုချင်ပါတယ် ” လို ရေးမြို့နေ ငါးဖမ်းလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဇော်မိုးက ပြောပါတယ်။

ကိုဗစ်ကာလအတွင်းမှာ ရေလုပ်သားတွေရဲ့ စားဝတ်နေရေးနဲ့မိသားစုဝင်တွေရဲ့ ပညာရေကိုပါ လုပ်ငန်းရှင်တွေက တာဝန်ယူပေးနေရတာ ဖြစ်ပါတယ်။

လာမယ့်ငါးဖမ်းရာသီအတွက်  ငွေရေးကြေးရေး အခက်အခဲများစွာ ဖြစ်နေတာကြောင့် နိုင်ငံတော်အနေနဲ့ ချေးငွေချပေးရာမှာ လုပ်ငန်းအခြေအနေအလိုက် အောက်ခြေအထိကွင်းဆင်းစိစစ်ပြီး လိုအပ်ချက်အလိုက် ချပေးစေလိုတယ်လို့ရေးမြို့နယ်၊ ပတ္တမြားတန်းကျေးရွာနေ ကျားဖောင်လုပ်ငန်းရှင် ဦးမြင့်သန်းက ပြောပါတယ်။

” ကျားဖောင်တစ်ဖောင်ကို သိန်း ၁၀၀ လောက်ရင်းနှီးရတယ်၊ လုပ်ငန်းပြန်စဖို့အတွက် ချေးငွေက အရေးပါနေတယ်၊ အပြင်မှာဆို ငွေတိုးကြီးစွာနဲ့လိုက်ချေးနေရတာရှိသလို ကိုဗစ်ကာလကြပ်တည်းကြတော့ လုပ်မယ့်လုပ်ငန်းက အောင်မြင်လား မအောင်မြင်လားအတတ်မပြောနိင်တော့ အပြင်မှာ ငွေတိုးနဲ့ချေးရင်တောင်ချေးလို့က သိပ်အဆင်မပြေတော့ဘူး၊ နိုင်ငံတော်ကပဲ စောင့်ရှောက်ပေးဖို့လိုအပ်နေတဲ့အနေအထားပါ ” လို့ သူက ဆိုပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ လုပ်ငန်းရှင်တွေရဲ့တောင်းဆိုချက်အပေါ် အတိအကျမသိရသေးပေမယ့် အထောက်အပံ့ကောင်းတွေရမယ်လို့  မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဌေးဝင်းက ပြောပါတယ်။

” ကိုဗစ်ကလည်း တစ်ကမ္ဘာလုံးရိုက်ခတ်နေတဲ့ရောဂါမို့ လုပ်ငန်းရှင်တွေတောင်းဆိုတာနဲ့ပတ်သက်ပြီးတော့ အတိအကျမသိရသေးပေမယ့် အထောက်အပံ့ကောင်းတွေ ဝန်ကြီးဌာနက ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ယုံကြည်ပါတယ်၊ဝန်ကြီးဌာနကလည်း အပြည့်အဝ ကူညီဆောင်ရွှက်ပေးလျက်ရှိပါတယ် ” လို့ မွန်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဌေးဝင်းက ပြောပါတယ်။

လာမယ့်ငါးဖမ်းရာသီအတွက် ငါးလုပ်ငန်းဦးစီးဌာနက ငါးဖမ်းလုပ်ကွက်တင်ဒါတွေ ခေါ်ယူခဲ့ပေမယ့် လျှောက်တဲ့သူ အရင်နှစ်တွေထက် ထက်ဝက်လောက် ကျဆင်းခဲ့ပါတယ်။

မွန်ပြည်နယ်ရေပိုင်နက်အတွင်းမှာတော့ ကမ်းဝေးငါးဖမ်း ငါးဖမ်းလှေ ၃၂၀ စီး၊ ကမ်းနီးငါးဖမ်းလှေ စုစုပေါင်း ၁၂၄၄ စီးနဲ့ ကျားဖောင် ၁၇၆ ဖောင်ရှိတယ်လို့ မနှစ်ကစာရင်းတွေအရ သိရပါတယ်။

သတင်း-ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.