မော်လမြိုင်၊ ဒီဇင်ဘာ ၁၇

ကျိုက်မရောမြို့နယ်တွင်ဆောင်ရွက်နေသည့် အုန်းမွှေးစိုက်ပျိုးရေးစီမံကိန်းမြေနေရာသည် အစိုးရ ပိုင်မြေမဟုတ်ဘဲ လယ်သမားများထံမှာသိမ်းဆည်းထားသည့် မြေနေရာဖြစ်သည်ဟု မူလမြေပိုင်ရှင်တွေက ပြောသည်။

ကျိုက်မရောမြို့နယ်ရှိ (ဘာဘူကုန်းကွင်း ) အလယ်တောင်နှင့် ခရုံဂူတောင်ကြားတွင် ပြုလုပ်နေသည့် အုန်းမွှေးစိုက်ခင်းနှင့်ဆက်စပ်နေသော မြေယာပြဿနာအတွက် မူလမြေပိုင်ရှင်များက မော်လမြိုင်မြို့ ရာမည ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“ မဆလခေတ်တည်းက ကျွန်တော့်မိဘတွေလုပ်ကိုင်လာခဲ့တာပါ။ မွန်ပြည်နယ်လွှတ်တော်ကနေ တဆင့် သိမ်းဆည်ထားတဲ့မြေတွေကို မူလပိုင်ရှင်တွေကိုပြန်ပေးဖို့တောင်းဆိုခဲ့တယ်။ ဧကတစ်ထောင်ကျော် ကျန်သေးတယ်။ ပေးမယ်ပေးမယ်ဆိုပြီး အခုထိမပေးသေးဘူး။ ကျန်တဲ့လယ်ယာမြေတွေကို တပ်မတော် အဖွဲကအစည်းတွေနဲ့ဌာနဆိုင်ရာတွေက အခုထိပြန်မအပ်သေးဘူးလို့ သက်ဆိုင်ရာကပြောတယ် “ ဟု မြေပိုင်ရှင်တစ်ဥိးဖြစ်သည့် မင်းအောင်သန်းက ပြောသည်။

ယခုအကောင်အထည်ဖော်နေသည့် အုန်းမွှေးစီမံကိန်းသည် သိမ်းဆည်းခံရသည့်မြေဧက (၁၀၀၀) ပေါ်တွင်လုပ်ဆောင်နေသည့်အပြင် မြေပိုင်ရှင်များ ပိုင်ဆိုင်သည့် ဧက(၅၀၀) ပေါ်တွင်ပါ လာရောက် လုပ်ဆောင်နေသည်ဟု မြေပိုင်ရှင်များက ပြောသည်။

“ မြေတွေပေါ်မှာ စီမံကိန်းအတွက်မြေလာတူးကြတယ်။ ကျွန်တေ်ာတို့သွားတားရင် ရပ်လိုက်တယ်။ ပြီးရင်ပြန်တူးတယ်။ တစ်ချိန်ချိန်မှာ ငါတို့မြေကွက်တွေဆီဘယ်တော့ရောက်လာမလဲဆိုတာကို စိုးရိမ်နေရတယ် “ ဟု မြေပိုင်များကဆိုသည်။
မြေပိုင်ရှင်များအနေနဲ့ တစ်ဦးချင်းမြေပိုင်ဆိုင်မှု (၄၀)ဧကခန့် ရှိနေသည့်အတွက် အမှန်တကယ် ထွန်ယက်စိုက်ပျိုးမှုတွေ လုပ်နိုင်ရဲ့လားဆိုတာကို မေးခွန်းထုတ်စရာဖြစ်နေတယ်ဟု အဆိုပါ သတင်းစာရှင်း လင်းပွဲကို တက်ရောက်လာသည့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတချစ်သူများအသင်းမှ ဦးဇင်အောင် ကျော်ထင်က ပြောသည်။

“ ၁၀ ဧကပိုင်တဲ့သူက ခုချိန် ၃ဧကပဲလုပ်နိုင်တယ်လို့ပြောသွားတယ်။ စိုက်ပျိုးစရိတ်ကြီးလို့တဲ့ ဒါဆို မလုပ်နိုင်ပဲနဲ့ ဘာကြောင့်တောင်းတာလဲပေါ့ “ ဟု သဘာဝပတ်ဝန်းကျင်နှင့်သယံဇာတချစ်သူများအသင်းမှ ဦးဇင်အောင်ကျော်ထင်က ပြောသည်။

အဆိုပါလယ်ယာမြေများကို အစိုးရကသိမ်းဆည်းခြင်းမဟုတ်ဘဲ မြေလွတ်မြေလတ်ဥပဒေအရ ထွန်ယက် စိုက်ပျိုးခြင်းမရှိသည့် လယ်ယာမြေများကို အစိုးရအနေနဲ့စီမံခန့်ခွဲရမည်ဖြစ်တာကြောင့် အုန်းမွှေး စီမံကိန်းကို လုပ်ဆောင်နေတာဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

“ အကြောင်းမဲ့ နှစ်ပေါင်းများစွာ မစိုက်ပျိုးပဲထားခဲ့တဲ့အတွက် မြေလွတ်မြေလတ်ဥပဒေအရ ဆရာတို့ စီမံခန့်ခွဲရတဲ့ အနေအထားဖြစ်သွားတယ်။ ရေမြုပ်တဲ့ဧကတွေက အများကြီး သူတို့လာစိုက်မယ်ဆိုရင်လည်း ပေးစိုက်မယ်။ သူတို့လာမစိုက်ကြဘူး။ ပြည်နယ်အစိုးရအနေနဲ့ ဒီမြေမှာ ဖြစ်နိုင်ချေရှိတဲ့ သီးနှံတွေကို စတင် ဆောင်ရွက်ပြတဲ့သဘောပါ။ ဒီလိုဆောင်ရွက်နေရင်းနဲ့ သူတို့ဘက်ကစိတ်ပါလာမယ် အကျိုးအမြတ်ရှိမယ်လို့ ယုံကြည်လာရင် ပါဝင်ဆောင်ရွက်လို့ရတယ် ဖိတ်ခေါ်တယ်။ အများစုကတော့ ခုထိစိတ်မဝင်စားကြသေးဘူး “ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

စစ်အစိုးရလက်ထက် ၁၉၉၄-၉၅ ခုနှစ်တွင် လယ်သမားများ၏လယ်ယာမြေများ (၁၅၀၀) ဧကခန့်ကို သိမ်းဆည်းခဲ့ပြီး ၂၀၁၀ခုနှစ် ရွေးကောက်ပွဲအပြီးမှာတော့ မွန်ပြည်နယ်လွှတ်တော်မှတစ်ဆင့် မြေပိုင်ရှင်များထံ သို့ လယ်ယာမြေ(၅၀၀) ဧကခန့်ကို ပြန်လည်ပေးအပ်ခဲ့သည်။

သတင်းနှင့် ဓါတ်ပုံ – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.