နှစ်ပေါင်း ၄၇ နှစ်အတွင်း စံချိန်တွင် မိုးရေချိန် ၁၃.၇၀ လက်မရွာသွန်းခဲ့မှုကြောင့် မော်လမြိုင်မြို့နယ်အပါအဝင် မွန်ပြည်နယ်ရှိနေရာအတော်များများတွင် ရေကြီးနစ်မြုပ်မှု၊ မြေပြိုမှုများ ၂၀၁၈ ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့က ဖြစ်ပေါ်ခဲ့သည်။
ဇွန်လ(၁၇)ရက်နေ့ မနက်(၂း၃၀)ဝန်းကျင်မှ စတင်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ကာ မနက်(၄)နာရီဝန်းကျင်တွင် မော်လမြိုင်မြို့ရှိ ရေကြီးနစ်မြုပ်နေကျနေရာအပြင် ရေကြီးနစ်မြုပ်မှုနည်းပါးသည့် နေရာတွင်ပါ ရေများ နစ်မြုပ်ခဲ့သည်။
ထိုအဖြစ်အပျက်ဖြစ်လာမည်ကို မည်သူကြိုတင် သိရှိခဲ့သနည်း။
ယင်းနေ့ ရေနစ်မြုပ်မှုမဖြစ်ခင် ၁၂း၂၀ ဝန်းကျင်တွင် မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်မှ သူ၏ လူမှု ကွန်ရက်စာမျက်နှာတွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လေထုမငြိမ်မသက် ဖြစ်နိုင်သည် ဟုရေးသားခဲ့သလို မိုးရွာသွန်းမှုအတွက် မွန်ပြည်နယ်အပါအဝင်နေရာတော်တော်များများတွင် မိုးထစ်ချုန်း ရွာနိုင်သည်ဟု ဖော်ပြခဲ့သည်။
အလားတူပင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းဖော်ပြချက်မှာလည်း မွန်ပြည်နယ်တွင် မိုးသက်လေပြင်းများကျရောက်ပြီး မိုးကြီးနိုင်သည်ဟု ညွှန်းဆိုခဲ့သည်။
မိုးများသော မွန်ပြည်နယ်အတွက် မိုးထစ်ချုန်းရွာမည်ဆိုသည့်ကိစ္စမှာ ထူးဆန်းသည့်ကိစ္စမဟုတ်။ ဒါကြောင့် ကြိုတင်မသိရှိခဲ့ဟု မိုးလေဝသ သတင်းပုံမှန်ဖတ်ရှုသူ၊ သတင်းများကို စောင့်ကြည့်သူ မော်လမြိုင်မြို့၊ သီရိမြိုင် ရပ်နေထိုင်သူ မောင်သိန်းဦးက ပြောပြသည်။
ဇွန်လ(၁၇)ရက်နေ့ မနက်(၆)နာရီဝန်းကျင်တွင် မွန်ပြည်နယ်၏ နာမည်ကျော်လူမှုကွန်ရက်အဖွဲ့တစ်ခုဖြစ်သော ငါတို့ချစ်တဲ့ မော်လမြိုင်စာမျက်နှာတွင် နေအိမ်များ၊ လမ်းများ၏ ရေနစ်မြုပ်မှုသတင်းတွေ ပျံ့နှံ့လာခဲ့သည်။
မော်လမြိုင်အပါအဝင် မွန်ပြည်နယ်တလွှားရေကြီးနစ်မြုပ်လေပြီ။ ယင်းနေ့ မနက်ပိုင်းကောင်းကင်ယံတွင် မိုးမတိတ်သေးပေ။
အများပြည်သူတို့အကြားသတင်းပျံ့နှံ့လာမှုတွင် သတင်းမှန်ရော၊ ကောလဟာလရောစုံလင်လျှက်ရှိသည်။ သေချာသည်ကား ရေနစ်မြုပ်နေသော သီရိမြိုင်ရပ်ကွက်နေ မောင်သိန်းဦးကား လူမှုကွန်ရက်တွင် အလျင်အမြန်ရှာဖွေကာ မည်သည့်နေရာတွင် ရေနစ်မြုပ်သည်ကို စိတ်ဝင်တစားကြည့်နေခဲ့သည်။ အထူးသဖြင့် ပြည်နယ်အစိုးရထံမှ ရေနစ်မြုပ်မှုဆိုင်ရာ သတင်းများပါလေမလားရှာဖွေနေခဲ့သည်။
ဇွန်လ(၁၇)ရက်နေ့ မွန်းလွဲ(၁၂း၃၀)ခန့်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး လူမှုကွန်ရက်စာမျက်နှာတွင် မွန်ပြည် နယ်ဝန်ကြီးချုပ်မှု ရေနစ်မြုပ်မှုဖြစ်ပေါ်နေသောနေရာများထံသွားရောက်ကြည့်ရှုနေသော ဓါတ်ပုံသတင်းနှင့် ယင်းနေ့မွန်းလွဲ(၂း၀၀)နာရီတွင် အစိုးရအဖွဲ့အစည်းအဝေးခေါ်ယူမည့်သတင်းတက်လာသည်။ သို့သော် အချက်အလက်ကို အခြေခံသည့် မည်သည့်သတင်းအချက်အလက်များမပါဝင်ခဲ့ပေ။
ရေနစ်မြုပ်မှုဖြစ်ပေါ်ပြီးနောက် မြို့ခံပြည်သူတွေ မနေသာတော့ပေ။ ကူဖို့ ကယ်ဖို့ပြင်ကြရတော့သည်။ ကူညီဖို့ စဉ်းစားသော်လည်း ဘယ်နေရာမှာ ဘာဖြစ်နေသလဲ။ ဘာဖြစ်ခဲ့သလဲဆိုသည်ကို သိရှိဖို့ လူမှုအဖွဲ့အစည်းတွေ အစိုးရ၏ ထုတ်ပြန်ချက်ကိုအားကိုးကြသည်။ သို့သော် …
“အစိုးရက ဘာသတင်းထုတ်ပြန်သွားသလဲဆိုတာ မသိလိုက်ဘူး။ ရေကြီးတဲ့နေ့က နယ်မှာရောက်နေလို့ မော်လမြိုင်ကအခြေအနေနဲ့ တခြားသောမြို့နယ်တွေက အခြေအနေတွေကို သိချင်လို့ အစိုးရက ဘာတွေ ထုတ်ပြန်ထားသလဲဆိုတာ အစိုးရရဲ့ page မှာ ရှာကြည့်တာ ဘာမှသတင်းထုတ်ပြန်ထားတာမတွေ့ဘူး”ဟု ရေဘေးကယ်ဆယ်ရေးအတွက် ကူညီခဲ့သော မွန်ပြည်နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် ညှိနှိုင်းရေးမှူး ဦးမင်းအောင်ထူးကပြောသည်။
လူမှုအဖွဲ့အစည်းများကား အချင်းချင်းချိတ်ဆက်မှုဖြင့် သတင်းရယူကာ ရေကြီးနစ်မြုပ်သူများထံအရောက် သွားခဲ့၊ ကူညီခဲ့ကြသည်။
ရေကြီးနစ်မြုပ်မှုများနည်းတူ မော်လမြိုင်မြို့ရှိ သမိုင်းဝင် ကျိုက်သလ္လံစေတီတော်၏ နှစ်ဖက်ရင်ပြင်မှာလည်း ပြိုကျပျက်စီးခဲ့ပြီး စေတီရှိရာတောင်အောက်ခြေရှိ ဘုန်းတော်ကြီးကျောင်းအချို့ ပျက်စီးခဲ့သည့် ဓါတ်ပုံများလည်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လာခဲ့သည်။
သတင်းပျံ့နှံ့လာမှုမှာ ယင်းနေရာသို့ရောက်ရှိနေသော တာဝန်ရှိသူအချို့၏ လူမှုကွန်ရက်စာမျက်နှာများမှ တဆင့်ဖော်ပြလာခဲ့ခြင်းလည်းဖြစ်သည်။ တစ်ဦးကို ပုံစံတစ်မျိုးဖြင့် ဖော်ပြခဲ့သည့်အတွက် မည်သည့်အရာက ပိုမိုတိကျမှန်ကန်သည်ကို အတည်ပြုနိုင်ရန် ခက်ခဲခဲ့သည်။
ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်မှုကို သိရှိသလားဟု မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်တွင်နေထိုင်သည့် လူငယ်တစ်ဦးဖြစ်သူ မသင်းမြင့်မြတ်ထွေးကို မေးကြည့်ရာ “ထုတ်ပြန်တာမှမရှိတာ။ တွေ့လည်းမတွေ့ဖူးလေ။ ရှိမှမရှိတာပဲ”ဟု ပြန်လည်ဖြေဆိုခဲ့သည်။
အများပြည်သူတို့အတွက် စိုးရိမ်ထိတ်လန့်စရာအခြေအနေကို ဖော်ပြနိုင်ဖို့ မော်လမြိုင်အခြေစိုက်၊ ဧရာဝတီ သတင်းဌာနသတင်းထောက် ကိုဉာဏ်စိုးဝင်းတစ်ယောက် အစိုးရထံမှ ရေဘေးဆိုင်ရာ သတင်းအချက်အလက် ရယူမှုနှင့် ပတ်သက်ပြီး ယခုလိုမှတ်ချက်ပေးသည်။
”သတင်းထုတ်ပြန်မှုကတော့ အားမရဘူး။ အားမရဘူးဆိုတာက ဒီလိုအရေးပေါ်ကြုံတဲ့အခြေအနေတွေမှာတော့ သူတို့အလုပ်ရှုပ်တာတော့မှန်တယ်။ ဒါပေမယ့်သတင်းထုတ်ပြန်ဖို့အတွက်တော့ တစ်ယောက်ကို တာဝန်လွှဲပြီး တော့ စီမံထားသင့်တာပေါ့။ အစိုးရအနေနဲ့ မွန်ပြည်နယ်မှာ ရေဘယ်လောက်မြုပ်တယ် ဘယ်လိုကယ်ဆယ် ရေးတွေလုပ်နေလဲဆိုတာကို တစ်ဦးတစ်ယောက်က တာဝန်ယူပြီးတော့ သတင်းထုတ်ပြန်ပေးသင့်တာပေါ့”ဟု ပြောသည်။
သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာသည့်အခါတွင် စနစ်တကျကာကွယ်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလက မော်လမြိုင်မြို့အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်စီမံချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။
ယင်းစီမံချက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီ(၁၂)ရပ်ဖွဲ့စည်းထားပြီး သတင်းနှင့် ပြန်ကြားရေးကော်မတီကို နံပါတ်(၁)အဖြစ် သတ်မှတ်ထားကာ မော်လမြိုင်မြို့နယ်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဥက္ကဌအဖြစ် တာဝန်ယူပြီး ဌာန(၉)ခုဖြင့် ဖွဲ့စည်းထားသည်။
ကော်မတီ၏ အဓိကလုပ်ငန်းစဉ်အချို့မှာ –
(၁) ရေဘေး၊ လေဘေး၊ မိုးကြိုး၊ မုန်တိုင်းသဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူလူထုထံ အသိပေးခြင်း၊
(၂) သဘာဝဘေးမကျရောက်မီ ကျရောက်ချိန်၊ ကျရောက်ပြီးနောက် ရရှိသောသတင်းများကို သက်ဆိုင်သူများထံ ဖြန့်ချိပေးပို့ခြင်း၊ ထုတ်ပြန်သင့်သည့် သတင်းများကို စိစစ်ထုတ်ပြန်ခြင်းနှင့် မှတ်တမ်းတင်ဓါတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးထားရှိခြင်း
(၃) ပျက်စီးဆုံးရှုံးမှုအတည်ပြုရေး လုပ်ငန်းကော်မတီမှ ရရှိလာသော ပျက်စီးဆုံးရှုံးမှုပမာဏ သတင်းများကို ထုတ်ပြန်ကြေငြာပေးရန် ဟုဖော်ပြထားသော်လည်း မော်လမြိုင်မြို့ရေကြီးနစ်မြုပ်လာသောအခါတွင် ယင်း ကော်မတီ၏ သတင်းထုတ်ပြန်မှုကို မည်သည့်နေရာတွင်မှ မတွေ့ရှိရပေ။
သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာသည့်အါ အဓိက တာဝန်ယူဖြေရှင်းသည့် ဌာနတစ်ခုဖြစ်သည့် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ဦးစီးအရာရှိ ဒေါ်မိမိစံမှလည်း ယင်းတို့ဌာနအနေဖြင့် သတင်းထုတ်ပြန် ရေးကို ဆောင်ရွက်သည်မဟုတ်ပဲ ကယ်ဆယ်ရေးအတွက် ထောက်ပံ့ကူညီခြင်းသာပြုလုပ်သည်ဟု ယခုလို ပြောသည်။
“သဘာဝဘေးဖြစ်လာရင် သူ့ရဲ့ကော်မတီတွေရှိတယ်။ ပြည်နယ်အဆင့်ကနေ ရပ်ကွက်ကျေးရွာတွေအထိ ရှိတယ်။ သူ့ရဲ့တာဝန်တွေအတိုင်း လုပ်ဆောင်ကြတာပေါ့။ သူ့ရဲ့တာဝန်တွေ သူ့ရဲ့ကော်မတီတွေသာမတူတာ သဘာဝဘေးနဲ့ပတ်သက်ရင် သတင်းက ကျွန်မတို့ဘက်က ထုတ်ပြန်ရတာမျိုးမဟုတ်ဘူး။ ကျွန်မတို့ရဲ့ ရုံးချုပ်က မိုးဇလရဲ့ထုတ်ပြတ်ချက်တွေကို FACT ထုတ်ပေးတယ်။ အစိုးရရုံးကိုလည်း စာနဲ့ထုတ်ပေးတယ်။ ပြည်နယ်အစိုးရနဲ့တိုင်ပင်ပြီး လိုအပ်သည်များကို ကြိုတင်ကာကွယ်ရန် လုပ်ဆောင်ကြတာပေါ့။ ကယ်ဆယ် ရေးတွေကိုလည်း ကြိုတင်စီမံကြတာပေါ့။ ကျွန်မတို့ကပြည်သူတွေကိုချပြတဲ့ဌာနမဟုတ်ဘူး”ဟု ပြောသည်။
ဇွန်လ(၁၇)ရက်နေ့ ညနေ(၇)ဝန်းကျင်ခန့်တွင် အစိုးရဌာနမှ တာဝန်ရှိသူတစ်ဦးဟု ယူဆရသည့် Ye Min Soe Facebook Account မှ ရေနစ်မြုပ်မှု၊ မြေပြိုမှုနှင့် ပတ်သက်ပြီး ယခုလို သတင်းဖော်ပြမှုတက်လာခဲ့သည်။
ရေကြီးနစ်မြုပ်များပြားမှုကြောင့် စိုက်ဧကအချို့လည်း ပျက်စီး ဆုံးရှုံးရသလို လမ်းပန်းဆက်သွယ်ရေး လည်း ယာယီပြတ်တောက်ခဲ့ရပါတယ်။ အထူးသဖြင့် သံလွင်တံတား(မော်လမြိုင်)ရဲ့ မုတ္တမဘက်ကမ်းမှာ သံလွင်မြစ်ရေနဲ့ မုတ္တမတောင်ပေါ်က ထိုးဆင်းကျလာတဲ့ရေများကြောင့် ရေကျော်မှုဖြစ်ပေါ်ပြီး သံလွင်တံတား ( မော်လမြိုင်)အား ခေတ္တပိတ်သိမ်းထားရခြင်း၊ မော်လမြိုင်/မုဒုံ/သံဖြူဇရပ်ကြားရေလွှမ်းမိုးမှုများပြားခြင်း၊ တံတား အချို့ပျက်စီးခြင်းများကြောင့်လည်း သွားလာမှုကို ခေတ္တရပ်ဆိုင်းထားရလို့ လမ်းပန်းဆက်သွယ်မှုယာယီပြတ်တောက်ခြင်း၊ ဓါတ်မီးတိုင်အချို့ပြိုလဲခြင်းများကြောင့် လျှပ်စစ်ဓါတ်အားပြတ်တောက်ခြင်းတို့အပြင် ရေဝင် ရောက်မှုများပြားတာကြောင့်လည်း လူနေအိမ်အချို့ကို ရေဘေးလွတ်ကင်းရာများဆီသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မော်လမြိုင်မြို့နယ်မှာ အိမ်ထောင်စု( ၁၃၈၉)စု အိမ်ခြေ(၁၂၇၀) လူဦးရေ( ၄၉၅၇)ဦး၊ ရေးမြို့နယ်မှာ အိမ် ထောင်စု( ၁၈၈) အိမ်ခြေ( ၁၃၇၀)လူဦးရေ(၇၆၁)ဦး၊ ပေါင်မြို့နယ်မှာလူဦးရေ( ၂၆၀)ဦး ၊ မုဒုံမြို့နယ်မှာ ( ၁၅၀) ဦး၊ ကျိုက်မရောမြို့နယ်မှာ( ၁၀၀)ဦး၊ သံဖြုဇရပ်မြို့နယ်မှာ( ၂၄)ဦး စုစုပေါင်းအိမ်ထောင်စု( ၁၅၈၄)စု အိမ်ခြေ (၂၆၇၅)အိမ်၊ လူဦးရေ( ၆၂၉၂)ယောက်တို့ကို ရေဘေးကယ်ဆယ်ရေးစခန်း( ၂၈)ခုဖွင့်လှစ်ကာဘေးကင်းရာသို့ပြောင်းရွှေ့နေရာချထားခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများထပ်မံဖွင့်လှစ်ခြင်း အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊ တပ်မတော်( ကြည်း/ရေ)မှအရာရှိအရာခံအကြပ်စစ်သည်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မီးသတ် ကြက်ခြေနီပူးပေါင်းအဖွဲ့များပြည်သူလူထုများပူးပေါင်းအင်အားများဖြင့်ကယ်ဆယ်ရေး လုပ်ငန်းများကို ချက်ခြင်း ဆောင်ရွက်ပေးခဲ့ပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သော အစိုးရအဖွဲ့ဟာ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ရေဘေးသင့်မြို့နယ်များတွင်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် ကူညီထောက်ပံ့ရေးများ ဆောင် ရွက်ပေးရန်စီစဉ်ခြင်း၊ တာဝန်ခွဲဝေချမှတ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးများ၊ ကောင်းမွန်စေရန် စီမံဆောင်ရွက် ခြင်းတို့အားစီမံပေးခဲ့ပါတယ်။
ရေများဝင်ရောက်မှုကြောင့် ပေါင်မြို့နယ်မုတ္တမ(၁၆)ကုတင်ဆန့် ဆေးရုံအတွင်းရေ( ၃ )ပေအထိ ဝင်ရောက်မှု ကြောင့် ဆေးရုံတက်ရောက်ကုသနေသူလူနာ( ၂၆ )ဦးအားရွှေ့ပြောင်း ကုသပေးခဲ့ရပြီး ရေဘေးသင့်သူ ပြည်သူများအတွက်လည်း စေတနာရှင်ပြည်သူလူထုများမှထမင်းထုတ်/ရေ/စားစရာများ နှင့် အခြားထောက်ပံ့မှု များလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်) ဟု ရေးသားထားသည်။
ယင်း၏ ရေးသားဖော်ပြမှုမှာ အချက်အလက်အတော်များများပါဝင်နေသော်လည်း အစိုးရအဖွဲ့၏ သတင်း ထုတ်ပြန်ချက်ဟု ယူဆရခက်သည့် လူပုဂ္ဂိုလ်တစ်ဦး၏ လူမှုကွန်ရက်တွင်ရေးသားထားချက်သာဖြစ်သည့် အတွက် ပြည်နယ်အစိုးရအဖွဲ့၏ တရားဝင်သတင်းထုတ်ပြန်မှုအတွက် ပြည်နယ်အစိုးရထံသွားရောက်မေးမြန်းခဲ့ ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ယခုလိုပြောသည်။
“ Information အနေနဲ့ကတော့ မွန်ပြည်နယ်အစိုးရရုံး ဆိုရှယ်မီဒီယာရှိပါတယ်။ အလျင်းသင့်သလို ပြည်နယ် ဝန်ကြီးချုပ်ကသော်လည်းကောင်း၊ ပြည်နယ်ဝန်ကြီးတွေကသော်လည်းကောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူတွေ ကရော ထုတ်ပြန်ပေးနေပါတယ်”ဟု ပြောသည်။
ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး လူမှုကွန်ရက်စာမျက်နှာမှ သတင်းအချက်အလက်များကို အလျဉ်းသင့်သလို ထုတ်ပြန်ပေးသည်ဟု ဆိုသော်လည်း ဇွန်လ(၁၇)ရက်နေ့မှ ဇွန်လ(၂၀)ရက်နေ့အထိ ဖော်ပြထားသော သတင်းများတွင်
– ရေမြုပ်သည့်နေရာသို့သွားရောက်ကြည့်ရှုသည့် သတင်း(၁)ပုဒ်
– ရေဘေးကာကွယ်ရေးအတွက် အစိုးရအဖွဲ့အစည်းအဝေးခေါ်ယူသည့် သတင်း(၁)ပုဒ်
– လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၏ ခရီးစဉ်ကို လိုက်လံပို့ဆောင်သည့် သတင်း(၁)ပုဒ်
– လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးနှင့် အစည်းအဝေးကျင်းပသည့် သတင်း(၁)ပုဒ်
– နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့ သစ်ပင်စိုက်ပျိုးမှုအခမ်းအနားသတင်း(၁)ပုဒ်
– တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လာရောက်သည့် ခရီးတွင် လိုက်လံပို့ဆောင်သည့် သတင်း(၁)ပုဒ်
– အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ငွေလှူဒါန်းမှုသတင်းကို မျှဝေထားမှု သတင်း(၁)ပုဒ်
– သာသနာ့ဗိမာန်တွင် ကျိုက်သလ္လံစေတီတော်ပြန်လည်ပြုပြင်ရန် သြဝါဒခံယူပွဲပြုလုပ် သတင်း(၁)ပုဒ်
– မော်လမြိုင်မြို့၊ ရွှေတောင်ချောင်းဆယ်ယူမှုကို ကြည့်ရှုသည့် သတင်း(၁)ပုဒ် စုစုပေါင်း သတင်း(၉)ပုဒ် ဖော်ပြထားသော်လည်း ရေကြီးနစ်မြုပ်မှုအခြေအနေပြအချက်အလက်၊ ဆုံးရှုံးထိခိုက်မှုအချက်အလက်၊ ကယ်ဆယ်ရေးအတွက် ပြင်ဆင်ထားမှုဆိုင်ရာအချက်အလက်အစရှိသည်များပါဝင်သည့် သတင်းဖော်ပြမှု တစ်ပုဒ်မှ မရှိခဲ့ပေ။
သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာသည့်အခါ သတင်းနှင့် ပြန်ကြားရေးအလုပ်ကို အထူးအရေးပါသည့် လုပ်ငန်းအဖြစ် အာဆီယံနှင့် ကမ္ဘာနိုင်ငံများမှ အလေးထားကြသည်။
အာဆီယံသဘာဝဘေးအန္တရာယ်ပြန်လည်ကာကွယ်ရေးဆိုင်ရာ ကိုးကားလမ်းညွှန်ချက်တွင် အစိုးရအနေဖြင့် သတင်းဌာနများနှင့် အများပြည်သူသို့ သတင်းထုတ်ပြန်နိုင်ရန်အတွက် ကူညီပေးနိုင်ရန် တာဝန်ရှိသူတစ်ဦးကို ခန့်အပ်ရန်လိုအပ်သည်ဟု အတိအလင်းရေးသားဖော်ပြထားသည်။
ထိုနည်းတူစွာပင် ကမ္ဘာ့နိုင်ငံများက လက်ခံအတည်ပြုထားသည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်တွင် နိုင်ငံတော်အဆင့် အာဏာပိုင်အဖွဲ့အစည်းများနှင့် အသေးစားဘေး များအပါအဝင် ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့်သတင်းများအားလုံးကို ရိုးရှင်းစွာ၊ ပွင့်လင်းမြင်သာမှုရှိစွာ လူ အများနားလည်နိုင်သည့်အပြင် လူတိုင်းရရှိနိုင်မည့် နည်းလမ်းဖြင့် ဖြန့်ချိပေးရပါမည်ဟု ရေးသားဖော်ပြထားသည်။
၂၀၁၇ ခုနှစ်က ထွက်ရှိလာခဲ့သော မြန်မာနိုင်ငံအမျိုးသားသဘာဝဘေးအန္တရာယ်ကာကွယ်မှုဆိုင်ရာ စီမံခန့်ခွဲ ရေးကော်မတီမှ စီစဉ်သော မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စီမံချက်တွင် သဘာဝဘေး အန္တရာယ်ကာကွယ်ရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်သည့်အခါ ဝန်ကြီးဌာန၊ ပုဂ္ဂလိကမီဒီယာနှင့် ဆက်သွယ်ရေးကွန်ရက်တွေနဲ့ နီးနီးကပ်ကပ်လုပ်ကိုင်သွားရမှာဖြစ်တယ်လို့ ဖော်ပြထားသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ၏ သတင်းထုတ်ပြန်ခြင်းကို မည်သို့ဆောင်ရွက်နေသနည်းဟု သိလိုသဖြင့် ပြန်ကြားရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ ဥက္ကဌအဖြစ် တာဝန် ပေးခြင်းခံထားရသော ဝန်ကြီး၏ ရုံးခန်းသို့ သွားရောက်မေးမြန်းရာတွင် သွားစရာရှိလို့ ဟုဆိုကာ အင်တာဗျူးကို ငြင်းဆိုခဲ့သည်။
ယင်းကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်နယ်ညွှန်မှူး ဦးထိန်လင်းအောင်က နိုင်ငံပိုင်သတင်းစာနှင့် MRTV သတင်းဌာနတွေမှာ ထုတ်လွှင့်နိုင်ဖို့ သတင်းတွေ ဓါတ်ပုံတွေ ရေးသားပေးပို့ခဲ့တယ်။ ရှောင်ရန်ဆောင်ရန်အချက်တွေကို သက်ဆိုင်ရာမြို့နယ် ပြန်/ဆက်တွေမှာ ရုပ်ပုံတွေကပ်ထားပေးတယ်။ ဒါပေမယ့် ခုက မိုးရုတ်တရက်ရွာချပြီး ရေကြီးတာဖြစ်တဲ့ အတွက် ပြည်သူတွေကို ကြိုတင်အသိမပေးနိုင်ခဲ့ဘူး။ ဖြစ်နေတာတွေကိုတော့ နိုင်ငံပိုင်သတင်းဌာနတွေမှာ ရေးသားထုတ်လွှင့်ဖော်ပြပေး ခဲ့တယ်ဟု လုပ်ဆောင်ခဲ့မှုအပေါ်ပြောဆိုခဲ့သည်။
အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အချိန်မှီဆောင်ရွက်ရန် လူမှုကယ်ဆယ်ရေးအဖွဲ့များကလည်း ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်ကို မသိရှိရပဲ ရေဘေးသင့်ပြည်သူများ၏ အကူအညီတောင်းခံမှု ကြောင့်သာ လိုအပ်သောနေရာများသို့ သွားရောက်ကူညီနိုင်ခြင်း၊ ယင်းမှတဆင့် အစိုးရထံသို့ ပြန်လည်သတင်း ပေးပို့ရကြောင်း ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဌ ဦးဘိုဘိုဝင်းက ယခုလိုပြောသည်။
“Information အနေနဲ့ကတော့ ကျွန်တော်တို့ဆီကို ပြည်သူတွေကပဲ တိုက်ရိုက်အကူအညီတောင်းတယ်။ အစိုးရဘက်ကသတင်းထုတ်ပြန်တဲ့အပိုင်းမှာတော့ အစ်ကိုတို့ သိပ်မသိဘူး။ အစ်ကိုတို့ကပဲ သူတို့ဆီကို ပြန်သတင်းပို့ပေးရတယ်။ ဖြစ်တဲ့နေရာတွေကို အစ်ကိုတို့က အရင်သွားရတယ်။ အစိုးရဘက်ကဆိုရင် မီဒီယာ တွေမှာဖော်ပြတဲ့ အကြောင်းအရာတွေလောက်ပဲ သိရတယ်”ဟု ကိုဘိုဘိုဝင်းကပြောသည်။
ကမ္ဘာကြီးကို တစ်နေ့တခြားခြိမ်းခြောက်လာသော သဘာဝဘေးအန္တရာယ်ကပ်ဆိုးများ၏ အန္တရာယ်ရှိ ဒေသစာရင်းတွင် ဒုတိယနေရာရောက်ရှိနေသော မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်လျှင် စနစ်တကျစီစဉ်ဆောင်ရွက်ဖို့လိုအပ်နေသလို ချမှတ်ပြီးသော မူဘောင်များအရလည်းဆောင်ရွက်ဖို့လိုအပ်နေပါသည်။
ဒေသတွင်းနိုင်ငံများအနေနဲ့မူ သဘာဝဘေးအန္တရာယ်ကိုစီမံခန့်ခွဲသည့်အခါ သတင်းပြန်ကြားရေးဆိုင်ရာလုပ်ငန်း ကို အထူးတလည်အရေးပေးလုပ်ကိုင်ကြောင်းနှင့် ပြန်ကြားရေးလုပ်ငန်း၏ အားသာချက်ကို မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးအင်စတီကျူ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးအောင်သူငြိမ်းက ယခုလိုရှင်းပြသည်။
“ကပ်ဘေးကိစ္စတွေမှာ သတင်းပွင့်လင်းမှုကိစ္စ အရေးကြီးပါတယ်။ အချို့ပညာရှင်တွေ ပြောကြတာ အိန္ဒိယမှာ ပုလိပ်ရောဂါဖြစ်တယ်။ သတင်းပွင့်လင်းမှုကြောင့် အသေအပျောက်နည်းတယ်။ ကုသပေးနိုင်တယ်။ တရုတ် နိုင်ငံမှာ အငတ်ဘေး ကပ်ကြီးဆိုက်တဲ့အခါ သတင်း အမှောင်ချထားလို့ ပိုမိုသေကြေရတယ်ဆိုတာမျိုး ကြားဖူး ပါတယ်”ဟု ပြောသည်။
ရေနစ်မြုပ်မှုဒဏ်ခံ မော်လမြိုင်မြို့သီရိမြိုင်ရပ်ကွက်နေ ဒေါ်ကြည်မြက ရေကြီးတုန်းက ဘယ်မှာ ဘာဖြစ်နေလဲ ဆိုတာ Facebook မှာ ကြည့်မှပဲသိတယ်။ ပြည်နယ်အစိုးရဆီကသိရတာမဟုတ်ပဲ အခြားသူတင်မှ သိရတာမျိုးပေါ့ဟု ယင်း၏ မဝံ့မရဖြစ်မှုကို ပြောပြသည်။
မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်တဲ့ ဇွန်လ(၁၇)ရက်နေ့မှာပဲ မွန်ပြည်နယ်အစိုးရအဖွဲ့က သဘာ၀ ဘေးအန္တရာယ်ဖြစ်ပွားမှု ကိစ္စရပ်များအပေါ် ထိရောက်အောင်မြင်စွာစီမံခန့်ခွဲခြင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်နိုင်ရန် အတွက် လုပ်ငန်းကော်မတီများကို စာအမှတ်၊ ၄၀၀/ ၁ – ၂၃/ အဖရ(မွန်) (၁၀၉၂)ဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများဆောင်ရွက်သည်ဟု ပြည်နယ် အစိုးရထံသွားရောက်မေးမြန်းမှုအရ သိရသည်။
ယင်းကော်မတီစာရင်းတွင် ပါဝင်သည့် မော်လမြိုင်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကမူ လူမှုကွန်ရက်ကနေတဆင့် အစိုးရအဖွဲ့ကလည်းထုတ်ပြန်တယ်။ သတင်းနဲ့ ပြန်ကြားရေးမှာ ကျွန်တော့်ညွှန်မှူးလည်းပါတယ်”ဟု ပြောသည်။
ထို့အပြင် ဘင်္ဂလားပင်လယ်အော် တွင် မုန်တိုင်းရှိသည် ဆိုကလည်းက မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တဆင့် သက်ဆိုင်ရာရပ်/ကျေး အုပ်ချုပ်ရေး မှူးများထံ သတိအနေအထားဖြင့် နေကြရန် သတင်းပေးပို့ခဲ့သည်ဟုလည်း ဖြည့်စွက်ပြောသည်။
ရေနစ်မြုပ်မှုကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်းမှာပင် မုဒုံမြို့နယ်၊ ဝင်းဖနုံဆည်ပြိုကျပြီး ကျေးရွာများရွှေ့ပြောင်းနေသည်ဟုဆိုသည့် သတင်းတစ်ပုဒ် ဇွန်လ(၁၈)ရက်နေ့ ညပိုင်းက လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံကမူ ယင်းကောလဟာလဖြန့်ဖြူး ရာတွင် မီဒီယာများပါ ပါဝင်နေကြောင်းနှင့် မီဒီယာများအနေဖြင့် သတင်းကျင့်ဝတ်ကို လိုက်နာသင့်ကြောင်း သတိပေးပြောဆိုသည်။
ယင်းဝင်းဖနုံဆည်ဖြစ်ရပ်အတွက် မော်လမြိုင်၊ အခြေစိုက် သတင်းဌာန သုံးခုဖြစ်သည့် သံလွင်တိုင်းမ်၊ ဟင်္သာ၊ မွန် သတင်းအေဂျင်စီတို့မှမူ မြို့နယ်ဆည်မြောင်းဦးစီးဌာန၏ အတည်ပြုချက်အရ အဆိုပါဖြစ်ရပ်မှာ ကောလဟာလသာလျှင်ဖြစ်ကြောင်း အတည်ပြုသတင်းရေးသားခဲ့သည်။
မွန်ပြည်နယ်အစိုးရ၏ တရားဝင်သတင်းထုတ်ပြန်ရာဟုဆိုသော မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး လူမှုကွန်ရက် စာမျက်နှာတွင်မူ ဝင်းဖနုံဆည်ဖြစ်ရပ်အတွက် အတည်ပြုသတင်းတက်လာခဲ့ခြင်းမရှိပေ။
ဝင်းဖနုံဆည်ပြိုတယ်ကြားတော့ မှန်လား မှားလားမသိဘဲ စိတ်ပူနေရတယ်ဟု သီရိမြိုင်ရပ်ကွက်နေ ဒေါ်ကြည်မြက ပူပန်နေသလို မုဒုံမြို့ဝန်းကျင်အနီးနေထိုင်သူများမှလည်း ယင်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြစ်နေကြောင်း ဖော်ပြခဲ့ကြသည်။
“ပြည်နယ်အစိုးရကနေပြီးတော့ သတင်းထုတ်ပြန်တာမျိုးက အားနည်းတယ်။ ကောလဟာလတွေဖြစ်လာ ပြီဆိုရင် ပြည်နယ်အစိုးရကနေပြီးတော့ သတင်းထုတ်ပြန်ပေးခြင်းမရှိတဲ့အတွက် ပြည်သူတွေကြားမှာ စိုးရိမ် ထိတ်လန့်မှုတွေ ဖြစ်လာရတယ်”ဟု မော်လမြိုင်အခြေစိုက် Eleven Media သတင်းထောက် ဦးသောင်းထွန်းက ယင်း၏ သဘောထားကို မှတ်ချက်ပြုသည်။
အဆိုပါ ဝင်းဖနုံဆည်ကောလဟာလကြောင့် ဆည်မြောင်းအရာရှိများ ညဘက်တွင် ဆည်သို့သွားရောက်ကာ စောင့်ဆိုင်းနေခဲ့ကြောင်း။ တစ်ရွာပြီးတစ်ရွာသွားရောက်ပြောဆိုခဲ့ရကြောင်း ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။ ယင်းသတင်းကိုမူ မွန်ပြည်နယ်အစိုးရမှ လူကိုယ်တိုင်သွားရောက်ပြီးဖြစ်တဲ့အတွက် တရားဝင် အတည်ပြု ထုတ်ပြန်ခြင်းကိုမူ မပြုလုပ်တော့ကြောင်းထပ်ဆင့်ပြောသည်။
သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်လျှင် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်များတွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် လုပ်ငန်းစီမံချက်များချမှတ်ထားပြီးဖြစ်ကာ ယင်းအတိုင်းလည်းဆောင်ရွက်သွားဖို့ လိုအပ်ပါသည်။
မုဒုံမြို့နယ်၊ ဝင်းဖနုံဆည်ဖြစ်ရပ်အပါအဝင် မွန်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်ထိခိုက်မှုအတွက် လုံလောက် သော စာရင်းဇယားထုတ်ပြန်မှုများ ယနေ့ ဇွန်လ(၂၁)ရက်နေ့အထိ မွန်ပြည်နယ်အစိုးရအဖွဲ့၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် မည်သည့်ထုတ်ပြန်မှုများမှ မတွေ့ရှိနေရသလို တရားဝင်ဖွဲ့စည်းထားသည့် သတင်းနှင့်ပြန်ကြားရေးကော်မတီ၏ လုပ်ငန်းများမှာလည်း အသက်မဝင်၊ အလုပ်မဖြစ်နေသည်ကို တွေ့ရသည်။
ထပ်မံပြီး အရေးကြီးသည့် အချက်ဖြစ်သည့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့ ငွေမည်မျှသုံးသည်။ ပြည်ထောင်စုမှ မည်မျှပံ့ပိုးသည်။ ပုဂ္ဂလိက အလှူရှင်များမှ မည်မျှ လှူဒါန်းသည်ကို လည်း ထုတ်ပြန်မှုမတွေ့ရသဖြင့် ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ တာဝန်ခံမှုနှင့် ပွင်းလင်း မြင်သာမှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်။
ပြည်နယ်အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက “ရပ်ကွက်တစ်ခုမှာ ရေကြီးတယ်ဆိုရင် ရပ်ကွက် အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် မြို့နယ်မှူးကိုတင်ပြမယ်။ အဲ့ကနေတစ်ဆင့်သက်ဆိုင်ရာမြို့နယ်တွေကို ကြိုတင် ပြင်ဆင်ဖို့အကြောင်းကြားလိုက်တယ်။ ပြည်သူတွေကိုတော့ ရေကြီးနေတဲ့အချိန်မှာလိုက်အော်နေလို့မရဘူးလေ ပြီးသွားရင်တော့ ထုတ်ပြန်မယ်လေ”ဟု သတင်းထုတ်ပြန်ရေးဆိုင်ရာ လမ်းကြောင်းကို ပြောခဲ့သည်။
ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ရာ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်တို့တွင် ရေကျသွားခဲ့ပြီး ကယ် ဆယ်ရေးစခန်းများ ပိတ်သိမ်းနေပြီဖြစ်သည့် ဇွန်လ(၂၁)ရက်နေ့အထိမူ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ငွေရရှိမှု၊ ငွေသုံးစွဲမှု၊ လုပ်ငန်းဆောင်ရွက်မှု၊ ပျက်စီးမှု၊ ပြန်လည်ပြင်မှုဆိုင်ရာ တရားဝင် သတင်းထုတ်ပြန်မှုကို မတွေ့ရှိနေရသေးပေ။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် သတင်းပြန်ကြားရေးလုပ်ငန်းကို အထူးတလည်ဂရုစိုက်နေပြီး ကယ်ဆယ်ရေး၏ အဓိကကျသော လုပ်ငန်းစဉ်ကို တာဝန်ခံမှုဖြင့်ဆောင်ရွက်နေသည်ကို မွန်ပြည်နယ်အစိုးရမှ အထူးအတုယူသင့်သလို ချမှတ်ထားပြီးသော မူဘောင်နှင့် လုပ်ငန်းစဉ်စီမံချက်အတိုင်း တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိရှိဖြင့် စီစဉ်ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းလိုသည်။
ရေးသားသူ – နောင်ခန့်
ဓါတ်ပုံ – သူရိန်