မော်လမြိုင်၊ နိုဝင်ဘာ ၈

မွန်ပြည်နယ်ရေးမြို့နယ်အတွင်းရှိ ရေလုပ်သားအများစု၏ အသက်အန္တရာယ် ထိခိုက်မှုများအပေါ် ဥပဒေအတိုင်းကာကွယ်မှုပြုလုပ်ပေးရန် လူ့အခွင့်အရေးနှင့် တရားမျှတရေးစွမ်းဆောင်သူများအဖွဲ့က နိုဝင်ဘာလ(၈)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာတောင်းဆိုလိုက်သည်။<!--more-->



ငါးဖမ်းစက်လှေများတွင် လုပ်ကိုင်နေသည့် ရေလုပ်သားများသည့် လုပ်ခလစာများ အပြည့်အ၀ မရရှိခြင်း၊ မတရားစေခိုင်မှုများ ရှိနေခြင်း၊ ပင်လယ်ထဲတွင် ရေလုပ်သားများ မကြာခဏ သေဆုံးခြင်း၊ အလုပ်ရှင်နှင့် အလုပ်ပွဲစားများကြားတွင် လာဘ်ပေးလာဘ်ယူကိစ္စများပါကို တရားဥပဒေဖြင့် ဖြေရှင်းပေးရန် စသည့်အချက်များ ကို ရှင်းလင်းတောင်းဆိုခဲ့သည်။

“ရေလုပ်သားတွေ ပင်လယ်ထဲမှာ မကြာခဏ အလောင်းပေါ်တယ်။ ဌာနဆိုင်ရာက အရေးမယူ သလိုဖြစ်နေတယ်။ ရေလုပ်သားတွေရဲ့ မိသားစုက ကျွန်တော်တို့ အ
ဖွဲ့ကို အကူအညီတောင်းလို့ ရေလုပ်သား ၄၈ ယောက်ကို ကျွန်တော်တို့ ၂ လပိုင်းလောက်က ကယ်ခဲ့ဖူးတယ်။ အခု ရေလုပ်သားတွေအတွက် ကျွန်တော်တို့အဖွဲ့က ဥပဒေ ကြမ်းရေးဆွဲထားတယ်“ ဟု လူအခွင့်ရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့ မှ ဒါရိုက်တာ ဂျင်မီ (Jimmy ) ကပြောသည်။

ရေလုပ်သား အခွင့်ရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို အချက် ဆယ့်လေးချက်ပါ မူကြမ်းရေးဆွဲထားပြီး သြဂုတ်လကတည်က နိုင်ငံတော် သမ္မတထံ တင်ထားပြီးဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“ကျွန်တော် ငါးဖမ်းလှေမှာ လုပ်လာတာ နှစ် ၂၀ ကျော်ပြီ။ ရေးမြို့ ငါးဖမ်းလှေမှာ လုပ်တာ ၂ နှစ်ပဲရှိသေးတယ်။ ကျွန်တော်ခြေထောက် တစ်ဖက် ပိုက်နဲ့ ထိပြီး ပြတ်သွားတယ်။ ဒါကို အလုပ်ရှင်က ဘာမှ မလုပ်ပေးဘူး ။ လျော်ကြေးလဲ မပေးဘူး။ တရားစွဲဖို့ ပိုက်ဆံ မရှိတော့ ဒီအတိုင်းနေရတယ်။ ကျွန်တော် လစာ တစ်လကို တစ်သိန်းခွဲပဲ ရှိတယ်။ အခုတော့ အလုပ်မဲ့ပေါ့။ “ ဟု ရေလုပ်သားတစ်ဦးဖြစ်သူ ကိုကျော်ဌေးက ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ်တွင် ၂၀၁၅ ခုနှစ်က သေမှုသေခင်း ၅၅ မှုနှင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလထိ သေမှုသေခင်း ၄၀ ကျော်ရှိပြီး သေမှုသေခင် သုံးပုံနှစ်ပုံမှာ ရေလုပ်သားများဖြစ်ကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိများနှင့် တွေ့ဆုံချိန်တွင် သိရှိရကြောင်း ကိုဂျင်မီက ထပ်မံဆိုသည်။

၂၀၁၆ ခုနှစ် ရေလုပ်သား မှတ်ပုံတင် ပြုလုပ်သူ (၃၂၈၂) ဦးအား ကျေးရွာအထိ ကွင်းဆင်းပြီး မှတ်ပုံတင် ထုတ်ပေးလျက်ရှိပြီး လုပ်ငန်းကျွမ်းကျင်မှုပေါ် မူတည်၍ ရေလုပ်သားတစ်ဦးလျှင် လစဉ် ငွေကျပ် တစ်သိန်းခွဲမှ နှစ်သိန်းထိ ပေးသည်ကို စိစစ်တွေ့ရှိထားကြောင်း၊ ဒေသခံ ရေလုပ်သား ရှားပါးခြင်းတို့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးမှ လာရောက်လုပ်ကိုင်ခြင်းဖြစ်သည်ဟု မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူးရေး နှင့် ပိုကုန်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက တတိယ အကြိမ်လွှတ်တော်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း – နဒီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.