Dawei Watch ထားဝယ်၊ နိုဝင်ဘာ ၁၂

ထားဝယ်ဒေသတွင် ဆောက်လုပ်မည့် ဟိုတယ်ဇုန်အား မောင်းမကန်ကမ်းခြေ ဧရိယာတစ်ဝိုက်တွင် ဖော်ဆောင်ရန် လျာထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ကမ်းခြေရှိ ဟိုတယ်များ ပြန့်ကြဲ မနေဘဲ မောင်းမကန်ကမ်းခြေအနီးတစ်ဝိုက်တွင် သီးသန့်ထားရှိရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရည်မှန်းထားပြီး နောက်ပိုင်းတွင် မောင်းမကန်ရွာတစ်ဝိုက်အား မြို့ပြအစီအစဉ် ဆွဲပြီး ဖော်ဆောင်သွားရန် ရှိကြောင်း တိုင်းဒေသကြီး သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

“ဟိုတယ်ဇုန်ကို သီးသန့်ထားချင်လို့ မောင်းမကန် ဧရိယာမှာပဲ ထားဖို့ ရည်ရွယ်တာပါ”ဟု ဝန်ကြီးဦးမြင့်မောင်က ပြောသည်။

မောင်းမကန်ဒေသတစ်ဝိုက်သည် သစ်တောမြေဧရိယာမှ ပယ်ဖျက်ပြီး၊ မပယ်ဖျက်သေးသည့် မြေများရှိသည့်အပြင် ပယ်ဖျက်ပြီးသည့် မြေတချို့တွင်လည်း မြေဂရမ်မရသေးသူများရှိနေသည့်အတွက် အစီအစဉ်ကို အကောင်အထည်ဖော်ရန် မြေယာနှင့် ဆက်စပ်ပြီး လုပ်ရမည်များကို ပထမဆုံး လုပ်ရမည်ဖြစ်ကြေင်း ဝန်ကြီးက ပြောသည်။

အစိုးရအနေဖြင့် မြို့ြ့ပအစီအစဉ် ရေးဆွဲရာတွင် ဒေသခံများ၏ အခွင့်အရေး လိုအပ်ချက်များကို ဦးစားပေး စဉ်းစားစေချင်ကြောင်း မောင်းမကန်ဒေသခံ ဦးထွန်းကြည်က ဆိုသည်။

ယင်းကဲ့သို့ ဟိုတယ်ဇုန်ဖော်ဆောင်ပြီး တစ်စုတစ်စည်းတည်း ထားရှိမည်ဆိုပါက ကောင်းမွန်သော်လည်း ထားဝယ်ဒေသရှိ ကမ်းခြေမှာ ရှည်လျားသည့်အတွက် ဟိုတယ်များ ပြန့်ကြဲနေခြင်းကလည်း ကောင်းမွန်ကြောင်း ထားဝယ်မြို့မှ စီးပွားရေး လုပ်ငန်းရှင် ဦးကျော်ဦးက ပြောသည်။
1-photo-b-yaung-thu-2
“လာတည်းတဲ့သူတွေက အနားယူချင်တဲ့ ပုံစံတွေလည်း မတူနိုင်ဘူးလေ”ဟု ဦးကျော်ဦးက ဆိုသည်။

ထားဝယ်ဒေသသို့ အပန်းဖြေခရီးလာရောက်သူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး နိုင်ငံခြားသား အများစုမှာ မောင်းမကန်ကမ်းခြေထက် လောင်းလုံးမြို့နယ်တစ်ကြောရှိ သဘာဝအတိုင်းတည်ရှိနေသေးသည့် ကမ်းခြေများကို ပိုမိုစိတ်ဝင်စားကာ သွားလာမှုများသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.