မော်လမြိုင်၊ နိုဝင်ဘာ ၁၀

မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် တန်ဖိုးသင့် အိမ်ရာ တိုက်ခန်းပေါင်း ၄၆၀၀ ကျော်ကို ဆောက်လုပ်သွားရန် စီမံကိန်းရေးဆွဲပြီးနောက် အဆိုပါ အိမ်ရာ များအတွက် ကုမ္ပဏီများကိုတင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာမှ သတင်းရရှိသည်။

အဆိုပါ စီမံကိန်းရေးဆွဲပြီးနောက် ပြည်နယ်အစိုးရမှ အတည်ပြုထားပြီး ထိုမှတစ်ဆင့် ပြည်ထောင်စု အစိုးရထံ တင်ပြထားပြီးဖြစ်ကြောင်း၊စီးပွားရေးရာ ကော်မတီမှ ခွင့်ပြုသည်နှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးသင်းဇော်မိုး က သံလွင်တိုင်းမ်သို့ပြောကြားသည်။

“မွန်ပြည်နယ်မှာ တန်ဖိုးသင့်အိမ်ရာ တိုက်ခန်း(၄၆၀၀) ကျော်လုပ်ဆောက်လုပ်ဖို့ တင်ပြထားပါတယ်။ ကျိုက်မရောမြို့နယ်က မင်းရွာနဲ့သံဖြူဇရပ်မြို့နယ်က ဖောင်စိန်ကျေးရွာမှာ ဆောက်လုပ်သွားမှာပါ။ ဒီစီမံကိန်းအတွက် ဘတ်ဂျက်ငွေတွေကိုကျတော့ နည်း(၃)နည်းနဲ့ ဆောင်ရွက်ရမှာပေါ့။ ပထမတစ်နည်းက တိုင်းဒေသ ကြီးနဲ့ပြည်နယ်အစိုးရဘတ်ဂျက်နဲ့ဆောက်တာရှိမယ်။ ကုမ္ပဏီတွေနဲ့ အကျိုးပူးပေါင်းပြီးလုပ်ဆောင်တာ။ ပြည်နယ်အစိုးရက တိုက်ခန်းဘယ်နှခန်းယူ၊ ကုမ္ပဏီက ဘယ်နှခန်းယူ စသဖြင့်ပေါ့။နောက်ဆုံးတစ်ခုကလှည့်ပတ်ရံပုံငွေတွေကနေ သုံးသွားမလားပေါ့ ဒါတွေစဉ်းစားရမယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ဆောက်လုပ်ခြင်းဖြင့် ပြည်သူများအလုပ်အကိုင်ပိုမိုရရှိကာ နေထိုင်ရေးအဆင်ပြေလာစေမှာဖြစ်ကြောင်း၊ ကုမ္ပဏီများကိုလည်း တင်ဒါခေါ်ယူ ရန်ရှိကြောင်း ၎င်းကပြောကြားသည်။

“ကုမ္ပဏီတွေကိုတင်ဒါခေါ်တာကျတော့ ပြည်နယ်အစိုးရက လုပ်ဆောင်မှာပါ။ အခုက ကျိုက်မရောက မင်းရွာမှာဆိုရင် တိုက်ခန်းပေါင်း(၂၄၃၂) ခန်းအတွက် မြေဧကပေါင်း(၄၄) ဧကလောက်အသုံးပြုသွားမယ် တိုက်ခန်းကျဉ်းတာတွေလည်းရှိမယ်၊ကျယ်တာတွေလည်းရှိမယ် စတုရန်းပေ (၃၂၄) ကတစ်မျိုး၊ စတုရန်းပေ(၄၀၀) ကတစ်မျိုး၊နောက် စတုရန်းပေ(၆၅၀) က တစ်မျိုးပေါ့”ဟု ၎င်းကဆက်လက်ပြောကြားသည်။

ကျိုက်မရောမြို့နယ် မင်းရွာက တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းများတွင် လူဦးရေ (၁၀၀၀၀) ခန့်နေထိုင်နိုင်ပြီး မီး၊ရေ စသည့် အခြားလိုအပ်ချက်များကို ဖယ်ရှားလိုက် ပါက တိုက်ခန်းဈေးနှုန်းသိန်း(၅၀) ဝန်းကျင်ခန့်သာ ရှိနိုင်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် တန်ဖိုးသင့် အိမ်ရာတိုက်ခန်းအများစုသည် သီရိမင်္ဂလာအိမ်ရာ ကဲ့သို့ သိန်းရာချီပေးနေရသည့်အတွက် အခြေခံလူတန်းစားအများအတွက် ခံစားခွင့် မရှိကြောင်း မော်လမြိုင်ဒေသခံများက ဝေဖန်နေသည့်အပေါ် ဦးသင်းဇော်မိုးက “သံလွင်တံတားနားမှာ ကျွန်တော်တို့ရဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ငွေစုထား လိုက်ပါ။ တစ်သောင်းကစပြီးစုလို့ရပါတယ်။ အဲ့လိုငွေစုထားမယ်ဆိုရင် ဘဏ်အတိုးတွေ ရမယ့်အပြင် တန်ဖိုးသင့်အိမ်ရာတိုက်ခန်းက သိန်း(၁၀၀) တန်တယ်ဆိုရင် အရင်ဆုံးသိန်း(၃၀) ပဲ ပေးသွင်းရမှာပါ။ ကျန်တာကို (၈) နှစ် အရစ်ကျပေးလို့ရပါတယ်။ ကျွန်တော်တို့က အဲ့ဒီဘဏ်မှာငွေစုထားတဲ့သူတွေကို ဦးစားပေးပါတယ်”ဟု ဦးသင်းဇော်မိုးက သံလွင်တိုင်းမ်သို့ ရှင်းပြသည်။

အဆိုပါ စီမံကိန်းနှင့်ပတ်သတ်ပြီး မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မှ ဝန်ကြီး ဒေါက်တာ ဦးမင်းကြည်ဝင်းက

“ အဲ့ဒီကိစ္စက လက်ရှိမှာတော့ စီမံကိန်းရေးဆွဲပြီး တင်ပြထားပါတယ်။ ကျွန်တော်တို့က တင်ဒါစနစ်နဲ့ အတိအကျလုပ်ရမှာပေါ့။ အကောင်အထည်ဖော်တဲ့ လုပ်ငန်းကတော့ မစရသေးပါဘူး” ဟု သံလွင်တိုင်းမ်သို့ပြောကြားခဲ့သည်။

သံဖြူဇရပ်မြို့နယ်နှင့် ကျိုက်မရောမြို့နယ်အပါအဝင် မွန်ပြည်နယ်တွင် တန်ဖိုးသင့် အိမ်ရာ တိုက်ခန်းပေါင်း(၄၆၇၂) ခန်းကို ဆောက်လုပ်သွားမည်ဖြစ်ပြီး အခြေခံ လူတန်းစားများအနေဖြင့် အဆိုပါတိုက်ခန်းများကို သိန်း(၃၀) ပေးချေပြီးပါက အရစ်ကျစနစ်ဖြင့် ရယူနိုင်ပြီး ယင်းအဆောက်အအုံတွင် ကားပါကင်များအပါအဝင် မူလတန်းကျောင်းများပါ ဆောက်လုပ်သွားရန် တင်ပြထားကြောင်း သတင်းရရှိသည်။

သတင်း-TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.