မော်လမြိုင်၊ နိုဝင်ဘာ ၁၃

မွန်ပြည်နယ် ဝန်ကြီးချုပ်နေရာ အပြောင်းအလဲသတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း မွန်ပြည်နယ် အစိုးရအဖွဲ့အပြောင်းအလဲများကို ပြည်သူလူထုက စိတ်ဝင်စားနေကြချိန်မှာပင် ဦးဝင်းထိန်က မွန်ပြည်နယ် အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်အမှုဆောင်များကို နိုဝင်ဘာလ

၁၃ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မွန်ပြည်နယ်ရုံး၌ တွေ့ဆုံခဲ့သည်။

အဆိုပါ အစည်းအဝေးကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိ၊ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ သထုံ မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူနှင့် မွန်ပြည်နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။

“ဒီနေ့အစည်းအဝေးက အစိုးရရယ်၊ လွှတ်တော်နဲ့ မွန်ပြည်နယ်က ပါတီတွေကို ညှိုနှိုင်းပြီးတော့ အလုပ် လုပ်ကြဖို့၊ နောက်ပြီး လွှတ်တော်နဲ့ အစိုးရကြား ပြဿနာတွေ သဟဇာတဖြစ်အောင်နေကြဖို့ လာရောက် ဆွေးနွေးကြတာပါ။ ဆွေးနွေးပွဲက အောင်မြင်ပါတယ်။ ဒါပေမယ့် ဒီလမ်းထဲကိုနောက်တစ်ခါ ဘယ်တော့မှ မလာတော့ဘူး” ဟု ရယ်မောလျက် ဦးဝင်းထိန် ကပြောကြားသည်။

ထို့အပြင် ပြည်သူလူထု မျှော်မှန်းထားသော မျှော်လင့်ချက်များကို တတ်နိုင်သမျှ ဖြေရှင်းပေးမည်ဖြစ်ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်အား လာရောက်ဆုံးမခြင်းမျိုးမဟုတ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ကိုယ်က ဘာအာဏာမှ မရှိတဲ့အတွက် မွန်ပြည်နယ် အစိုးရကို အပြောင်းအလဲလုပ်ဖို့တော့မရှိပါဘူး။ ဝန်ကြီးချုပ်အသုံးမကျရင် မကျသလို၊ မကျေနပ်ဘူးဆိုရင် မကျေနပ်သလိုပြောတာပါ။ သူ့ကို လာဆုံးမတာ တော့မဟုတ်ပါဘူး။ ဒီမိုကရေစီဆန်ဆန်ပဲ လုပ်သွားမယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောသလို ခြေထောက် အောက်မှာ မြေကြီးရှိတယ်ဆိုတာ အမြဲသတိရနေဖို့ ပါပဲ” ဟု ၎င်းကပြောကြားခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် နေရာအပြောင်းအလဲနှင့် ပတ်သတ်ပြီး အဆိုပါ အစည်းအဝေးတွင် ဝန်ကြီး ချုပ်ဦးမင်းမင်းဦး အား မီဒီယာများမှ မေးမြန်းခဲ့သော်လည်း ဖြေကြားရန်ငြင်းဆိုခဲ့ပြီး တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်အချို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိခဲ့ပေ။

လက်ရှိမွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးက ဝန်ကြီးချုပ်ရာထူးမှ အနားယူလိုကြောင်း ဦးဝင်းထိန်ထံ နှုတ်ဖြင့်တင်ပြခဲ့သည်ဟု ဟင်္သာမီဒီယာတွင်ဖော်ပြခဲ့သော်လည်း ၎င်းနေရာတွင် အစားထိုးခန့်အပ်ရန် ထင်ကြေးပေးခံနေရသည့် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်နှင့် ဦးဝင်းထိန်တို့မှ မဟုတ်မှန် ကြောင်း ပြန်လည်ငြင်းဆိုခဲ့သည်။

သတင်း- TU Arkar Min ၊ နောင်ခန့်(မော်လမြိုင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.