ဓါတ်ပုံ - ကိုကိုထက်၊ ထွန်းထွန်းထွေး(ဘားအံ)

ဘားအံ၊ နိုဝင်ဘာ ၁၅

ဘားအံမြို့နယ်၊ ရေကျော်လေးကျေးရွာအနီး ဒုံသမိချောင်းအတွင်း နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်း တွင် ကူးတို့ကူးပို့သည့် ဖောင်တွဲလှေ ရေဝင်နစ်မြုပ်ကြောင်း

သတင်းအရ ထုံးအိုင်နယ်မြေရဲစခန်းမှူးရဲအုပ်ညီညီမိုးဦးစီးအဖွဲ့သည် ကင်းကျေးရွာနှင့်ရေကျော်လေးကျေးရွာမှပြည်သူများနှင့်အတူကူညီကယ်ဆယ်ရှာဖွေရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ကူးတို့လှေပေါ်ပါသူ(၃၀)ဦးအနက် ကျား(၂)ဦး၊ မ(၂)ဦးမှပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ(၁၅)ရက်နေ့၊ နံနက်(၂)နာရီ(၃၀)မိနစ်အချိန် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ နတ်မှော်ကျေးရွာအုပ်စု၊ ကင်းကျေးရွာရှိ သစ္စာတောင်ဝှမ်း ဘုန်းကြီးကျောင်း အလှူပွဲမှပြန်လာသူ(၃၀)ဦးအား ဒုံသမိချောင်းတဘက်ကမ်းသို့ ဖောင်တွဲလှေဖြင့်ပို့ဆောင်စဉ် ဝန်များ၍ လှေအတွင်းရေများဝင်ရောက်ကာနစ်မြုပ်ခဲ့ခြင်း ဖြစ်ပြီး ကူးတို့လှေပေါ်ပါခရီးသည်များအနက် ဒေါ်ချိုမာ (၃၁)နှစ်၊ မတင်တင်စန်း (၂၂)နှစ်၊ ပဲခူးတိုင်း၊ ညောင် လေးပင်မြို့နယ်၊ ကျို့ကုန်းအုပ်စု၊ ငါးပြင်မကျေးရွာ၊ နိုနို( ၁၈)နှစ်၊ ခွန်ငွေလာ၊(၃၁)နှစ်၊ ရေကျော်ကြီးကျေးရွာနေ သူတို့(၄)ဦးမှာ ပျောက်ဆုံးနေသဖြင့် ရေကျော်ကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် နီးစပ်ရာ ကျေးရွာများမှ အုပ်ချုပ်မှူးများ၊ ပြည်သူများနှင့်ရဲတပ်ဖွဲ့ဝင်စုပေါင်း၍ စက်လှေ(၁၅)စီးဖြင့် လိုက်လံရှာဖွေခဲ့ရာ နိုဝင်ဘာ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် ဒုံသမိချောင်း၊ ထုံးဘိုကွေ့ကျေးရွာအနီးတွင် မတင်တင်စန်း အလောင်းအား တွေ့ရှိဆည် ယူရရှိခဲ့ ကြောင်းသိရသည်။

ဓါတ်ပုံ - ကိုကိုထက်၊ ထွန်းထွန်းထွေး(ဘားအံ)
ဓါတ်ပုံ – ကိုကိုထက်၊ ထွန်းထွန်းထွေး(ဘားအံ)

“ကျွန်တော်တို့ ရှာဖွေရေးအဖွဲ့တွေကတော့ ခုအချိန်ထိ စက်လှေ(၁၃)စီးနဲ့ ကျန်ရှိပျောက်ဆုံးနေတဲ့ သူတွေကို အမြန်ဆုံးတွေ့ရှိဖို့ဆက်လက်ရှာဖွေနေပါတယ်”ဟု ရေကျော်လေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်း ထွန်းကပြောသည်။

လှေတိမ်းမှောက်သည့်ဒုံသမိချောင်းမှာ မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့အား ပိုင်းခြားထားသည့် ချောင်းဖြစ်ပြီးချောင်းမှာ ပေ(၁၅၀၀) ခန့်ကျယ်ကြောင်း၊ အနီးနားရွာများမှကျေးရွာအချင်းချင်းသွားလာမှုလွယ်ကူစေရန်အတွက် ဘားအံမြို့နယ်၊ ရေကျော်လေးရွာနေ ဦးမြင့်ဦး၊(၅၀)နှစ်(ဘ)ဦးဂျပန်မှ အရှည်(၃၄)ပေ၊ အလျား (၄ပေ၅လက္မ)ခန့်ရှိ သစ်သားခွံလှေ(၂)စီးအား တွဲ၍ ပျဉ်ပြားများခင်းကာ စက်တပ်မောင်းနှင်ပြီးကူးတို့ပို့လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပြီး ကူးတို့ပို့သူဦးမြင့်ဦးကလည်း ရေနစ်ပျောက်ဆုံးသူများအား ရှာဖွေရေးအဖွဲ့ များနှင့်အတူ ကိုယ်တိုင်လိုက်လံရှာဖွေပေးခဲ့ကာ နိုဝင်ဘာ(၁၆)ရက်နေ့တွင် ၎င်းကိုယ်တိုင်ရဲတပ်ဖွဲ့ထံ အဖမ်းခံ ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထုံးအိုင်နယ်မြေရဲစခန်းမှူးရဲအုပ်ညီညီမိုးမှ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုံးအိုင်နယ်မြေရဲ စခန်းမှသိရသည်။

သတင်း – ကျော်ရဲထက်၊ ဘုန်းထက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.