|Dawei Watch|မြိတ်၊ အောက် တိုဘာ ၂၃
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ “ခေတ္တ-နေပြည်တော်”စည်းတံဆိပ်ဖြင့် အတည်ပြုလိုက်သည့် မြိတ်ခရိုင် အလုပ်အမှုဆောင် အဖွဲ့အမည် စာရင်း ကိစ္စ မြိတ် အင်အင်လ်ဒီ ပါတီဝင် များကြားတွင် ဂယက်ထလျက် ရှိသည်။
ယင်းစာရင်းတွင် လူစာရင်းနှင့် အချက်အလက်များ ကွဲလွဲနေသဖြင့် အောက်တိုဘာ ၂၂ ရက်တွင် ကန့်ကွက် စာ တင်မည်ဖြစ် ကြောင်း မြိတ်ခရိုင် အဖွဲ့ချုပ် ယခင်ဥက္ကဋ္ဌ ဦးသန်းနွယ်ထံမှ သိရသည်။
အောက်တိုဘာလ ၁၄ ရက် နေ့စွဲ ဖြင့် အတည်ပြုသည့် အကြောင်းကြားစာတွင် ဗဟိုမှ အသုံးပြုနေသော “ဗဟိုဌာနချုပ်” စည်းတံဆိပ် မဟုတ်ခြင်း၊ ဗဟိုဌာနချုပ်သို့ မိတ္တူသာပေးထားခြင်း၊ ဗဟိုအဖွဲ့မှ အတည်ပြုရမည့်အစား ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်မှ အတည်ပြုထားခြင်း များကြောင့် ကန့်ကွက်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဦးသန်းနွယ်က ပြောသည်။
၂၀၁၂ ခုနစ် ပါတီညီလာခံ အဆင့်ဆင့်ဖြင့် ရွေးချယ် အတည်ပြုထားသည့် အလုပ်အမှုဆောင် အဖွဲ့များ ကို ၂၀၁၅ ခုနှစ်အတွင်း ယခင် တာဝန်ထမ်းဆောင်နေဆဲသူများ အပါအဝင် ပြန်လည် မွန်းမံဖြည့်စွက်မှုများပြုလုပ်ရာ ဦးသန်းနွယ်သည် မြိတ်ခရိုင် ဥက္ကဋ္ဌအဖြစ် ပြန်လည် ပါဝင်ခဲ့ပြီး လစ်လပ်နေရာများအတွက် ၆ ဦး အစားထိုးခဲ့ကြောင်း သိရသည်။
ထိုသို့ အစားထိုးပြင်ဆင်ကာ အခြားတာဝန်များပါ ခွဲဝေထားပြီး ဖြစ်သော မြိတ်ခရိုင် အလုပ်အမှု ဆောင်အဖွဲ့စာရင်းကို စက်တင် ဘာလ ၁၄ ရက်တွင် တိုင်းမှ ဗဟိုသို့ ဗဟိုသို့ တင်ပြခဲ့ကြောင်း သိရသည်။
သို့သော် ခေတ္တ-နေပြည်တော် စည်းတံဆိပ်ဖြင့် ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် အတည်ပြု လိုက်သည့် စာရင်းတွင် ဦးသန်းနွယ် အပါအဝင် တင်ပြစာရင်းပါ အဖွဲ့ဝင် ၇ ဦးပါဝင်လာခြင်း မရှိဘဲ တာဝန်ခွဲဝေမှု များလည်း လွဲချော် အတည်ပြုထား သောကြောင့် ခရိုင်အစည်းအဝေး ပြန် ခေါ်ကာ ကန့်ကွက်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။
အတည်ပြုစာရင်းတွင် အသစ် ပါဝင်လာသူများအနက် ၅ ဦးမှာ ပါတီမှထွက်စာ တင်ထားပြီးသူများဖြစ်နေပြီး ၂ ဦးမှာ သက်ဆိုင်ရာ မြို့နယ်၊ ရပ် /ကျေးများတွင် အလုပ် အမှုဆောင်များအဖြစ် တာဝန်ယူထားပြီး ဖြစ်နေကြောင်း ခရိုင် အင်အယ်ဒီရုံးမှ သိရသည်။
“ပြန်လည် ပြင်ဆင်ပေးရန်အတွက် ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ကန့် ကွက်စာ တင်မှာပါ”ဟု ဥက္ကဋ္ဌ ဦးသန်းနွယ်က ပြောသည်။
ဦးသန်းနွယ်သည် ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ပါတီညီလာခံမှ မြိတ်ခရိုင်ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဖြစ်ကြောင်း သိရသည်။
မြိတ်ခရိုင်မှ ဗဟိုသို့ ပေးပိုသည့် စာရင်းတွင် ခရိုင်အတွင်းရေးမှူးအဖြစ် ရွေးချယ်ခံထားရသော်လည်း ဦးဝင်းထိန်၏ အတည်ပြု စာရင်းတွင် ခရိုင် ဥက္ကဋ္ဌအဖြင့် ပါဝင်လာသည့် ဦးစိုးလွင်က ဗဟိုမှ မည်သည့်ပုံစံဖြင့် ရွေးချယ်အတည်ပြုသည်ကို မသိရဟု ဆိုသည်။
“ပါတီရဲ့ ပေးအပ်တဲ့ တာဝန် တစ်ခုလိုပဲ မြင်ပါတယ်”ဟု လက်ရှိ ဥက္ကဋ္ဌအဖြစ် အတည်ပြုခံထားရသူ ဦးစိုးလွင်က ပြောသည်။
မြိတ်ခရိုင်အဖွဲ့ဝင်အဖြစ် ရွေးချယ် ခံရပြီးမှ ယခုအတည်ပြု စာရင်းတွင် ချန်လှန့်ခံရသူ ဦးမြတ်ကိုကိုက ယခု အတည်ပြု စာရင်းအား ဗဟိုအလုပ် အမှု ဆောင်အဖွဲ့မှ ပြန်လည် စိစစ်ပေး စေချင်ကြောင်း ပြောသည်။
“စည်းမျဉ်းစည်းကမ်းနဲ့ လွဲနေ တယ်လို့ ယူဆတယ်”ဟု ဦးမြတ်ကိုကိုက ပြောသည်။
ဦးမြတ်ကိုကိုသည် မြိတ်ခရိုင် အတွက် အရွေးချယ်မခံရခင်က မြိတ် မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး လတ်ရှိတွင် မြိတ်မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌ အဖြင့် ရွေး ချယ်ခံထားရသူ ဖြစ်သည်။
အဆိုပါ လူစာရင်းအား အတည်ပြု စာထုတ်ခဲ့သော ဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်သည် ယင်းကိစ္စ အတွက် မကြာမီ မြိတ်သို့လာမည်ဟု ပါတီဝင် အချို့က မှန်းဆနေကြသည်။