|Dawei Watch| ထားဝယ်၊ အောက်တိုဘာ ၂၂
တနင်္သာရီတိုင်းအတွင်း ဒေသလိုအပ်ချက်အတွက် မြစ်အတွင်း သဲစုပ်ခွင့်လိုင်စင်ထုတ်ပေးရန် စဉ်းစားရဦးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးရသည့် မြစ်ချောင်းများအတွင်း သဲစုပ်ခွင့် လိုင်စင်ကို ပြီးခဲ့သည့် အစိုးရ လက်ထက်မှ စတင်၍ သက်တမ်း မတိုးပေးခဲ့တော့ခြင်းကြောင့် မြစ်ချောင်းများအတွင်း သဲစုပ်သည့်လုပ်ငန်းများကို တရားမဝင် လုပ်ကိုင်နေရသည့် အနေအထား ဖြစ်နေသည်။
“လိုင်စင် လုပ်မပေးဘူးဆိုတာက နိုင်ငံတော်ရဲ့ မူဝါဒပါ။ ဒေသ လိုအပ်ချက်ကတော့ ပေးရမှာပေါ့။ နည်းနည်း စဉ်းစားရဦးမယ်၊ မီးသွေး ကိစ္စလိုမျိုး ဒေသ လိုအပ်ချက်အရ သေသေချာချာ စဉ်းစားပြီးမှ ပေးရမှာပါ”ဟု ဝန်ကြီးချုပ်က ပြောသည်။
မြစ်၊ ပင်လယ်ကမ်းပါးများ ပြိုခြင်းကြောင့် နိုင်ငံတော် အစိုးရ၏ မူဝါဒအရ သဲစုပ်ခွင့်ပေး၍ မရသော်လည်း ဒေသ လိုအပ်ချက်အရ ကန့်သတ်ချက်များဖြင့် ပေးနိုင်ရန် စဉ်းစားရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
“တည်ဆောက်ရေး လုပ်ငန်းလုပ်နေတဲ့ ကာလဖြစ်တဲ့အတွက် သဲ၊ ကျောက်က မရှိမဖြစ် လိုအပ်တယ်။ အခုက လိုင်စင်မရှိလည်း စုပ်နေကြရတယ်။ ဒီလို စုပ်နေတဲ့အတွက် နိုင်ငံတော်အတွက်လည်း အခွန်ငွေတွေ ဆုံးရှုံးတယ်”ဟု ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ သဲ၊ ကျောက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထားဝယ်မြစ်အတွင်း တရားဝင်သဲ၊ ကျောက်စုပ်ခွင့်ရရန်အတွက် လိုင်စင်ပြုလုပ် ¬¬ပေးစေလိုကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလက ရေဖြူမြို့နယ်ပိုင်နက်အတွင်း လိုင်စင်မဲ့ ကျောက်စုပ်လှေ ၈ စီးကို ရေဖြူမြို့နယ် အုပ်ချုပ်ရေး ဦးစီးဌာနက အမှုဖွင့် အရေးယူခဲ့သည်။