ရေး ၊ အောက်တိုဘာ ၁၇
ရေးမြို့နယ်အတွင်း သာသနာဝင်/သာသနာနွယ်ဝင် စိစစ်ရေးကတ်ပြားပြုလုပ်လိုသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များအား ဝါဆိုသံဃာစာရင်းတွင် ၃ နှစ်ဆက်ပါရှိမှသာ ပြုလုပ်ဆက်ကပ်ပေးနေကြောင်း ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးခိုင်က သံလွင်တိုင်းမ်သို့ ပြောသည်။
“ သာသနာဝင်စိစစ်ရေးကတ်ပြားတို့၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြားတို့ဆိုတာက အနည်းဆုံးဝါဆို သံဃာစာရင်းမှာ ၃ ဝါဆက်တိုက်ရှိမှသာလျှင် သာသနာဝင်နဲ့ သာသနာနွယ်ဝယ်စိစစ်ရေး ကတ်ပြားထုတ်ပေးပါတယ်၊ ဝါဆိုသံဃာဆိုတာကတော့ လက်ရှိဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ ဒီနှစ်ဝါဆိုမယ်ဆိုလို့ရှိရင် ရေး မြို့ပေါ်က စာရင်းရှိကျောင်းမှာ ဘယ်နှစ်ပါးရှိရှိ ကျွန်တော်တို့က ကောက်ရပါတယ် ” ဟု ၎င်းကဆိုသည်။
ရဟန်းနှင့်သာမဏေများကို သာသနာဝင်နှင့် သီလရှင်များကို သာသနာနွယ်ဝင်စိစစ်ရေး ကတ်ပြား ပြုလုပ်ပေးနေပြီး ယင်းစိစစ်ရေးကတ်ပြားရှိခြင်းအားဖြင့် သွားရေးလာရေးနှင့် သီတင်းသုံးခြင်းတို့တွင် လည်း ကောင်း၊ စာပေကျမ်းဂန်များလိုက်စား၍ ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ ဓမ္မာစရိယ စာမေးပွဲများဖြေဆိုရာ တွင် ယင်းကတ်ပြားပါရှိမှသာ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
“ စာမေးပွဲတွေဖြေဆိုရတဲ့ ပထမကြီး၊ လတ်၊ ငယ်၊ ဓမ္မာစရိယတွေဖြေဆိုအခါ ဒီဟာရှိမှ ရပါလိမ့်မယ်။ နောက်ပြီးတော့ သာသနာ့ဘောင်မှာ ၁၀ ဝါ ၁၅ ဝါနေပြီးတော့မှ မပျော်ပိုက်လို့ ထွက်မယ်ဆိုလို့ရှိရင်လည်း ဒီဝါဆိုသံဃာစာရင်းရှိတဲ့အတွက် သူ့ကို အိမ်ထောင်စုစာရင်းမှာအလွယ်တကူထည့်သွင်းလို့ရပါတယ်။ နိုင်ငံ သားကတ်လုပ်တဲ့နေရာမှာလဲ ပေါင်းကူးလို့ရပါတယ် ” ဟု မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်က ဆိုသည်။
ရေးမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းပေါင်း ၂၈၅ ကျောင်းရှိပြီး ရေးမြို့နယ်ရှိ ဒေသအချို့တွင် တစ်ပါးစံကျောင်းများ အများအပြားရှိနေခြင်းအပေါ် ၎င်းက “ တစ်ပါးစံကျောင်းဆိုတာတရားဝင်မဟုတ်ပါဘူး၊ သာသနာ့မြေမှာ မြို့နယ်သံဃနာယကအဖွဲ့ကနေ ခွင့်ပြုထားမယ်၊ သာသနာရေးနဲ့ တိုင်းနဲ့ပြည်နယ်မှာ စာရင်း ကောက်ထားပြီးတဲ့ကျောင်းကိုပဲကောက်တာပါ၊ လာမယ့်နှစ်ဆိုရင်လည်း မနှစ်ကရှိတဲ့ ၂၈၅ ကျောင်းကို အခြေ ပြုကောက်မယ်၊၂၈၆ ကျောင်းဖြစ်လာပြီဆိုလို့ရှိရင် သာသနာ့မြေလျှောက်လာပြီလား၊ သံဃနာယကအဖွဲ့ ခွင့်ပြု ချက်ရှိပြီလား၊ မြို့နယ်သာသနာရေးနဲ့အာဏာပိုင်တွေရဲ့ခွင့်ပြုချက်တွေရှိပြီလား အထောက်အထားတွေပြန် ကြည့်မယ်၊ မရှိဘူးဆိုရင် ဒီအတိုင်းပဲသွားရမှာပေါ့၊ ရှိမယ်ဆိုရင်တော့ ထပ်တိုးမှာပေါ့ ” ဟု ဦးမျိုးခိုင်က ပြော သည်။
ရေးမြို့နယ်အတွင်း ရွှေကျင်၊ သုဓမ္မာနှင့် မဟာဒွာရစသည့်ကျောင်းပေါင်း ၂၈၅ ကျောင်းရှိပြီး ဝါဆို သံဃာစာရင်းအရ ရဟန်း ၁၇၇၆ ပါး၊ သာမဏေ ၁၄၄၈ ပါး၊ သီလရှင် ၂၀၆ ပါးရှိကာ ပြီးခဲ့သည့် အောက်တို ဘာလ ၁၄ ရက်နေ့မွန်းလွဲပိုင်းက ရေးမြို့၊ မရမ်းကျောင်းတိုက်တွင် ရက် ၁၀၀ စီမံချက်အရပြုလုပ်သော သာသနာဝင်နှင့် သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား ၁၀၀ ကို ရဟန်း၊ သာမဏေ၊ သီလရှင်များအား ပေးအပ်ဆက်ကပ်ခဲ့သည်။
သတင်း – ရဲနိုင်ဦး