ပေါင်၊ အောက်တိုဘာ ၁၆

မွန်ပြည်နယ်အတွင်းမှ မြို့နယ်အချို့တွင် လျှပ်စစ်နှင့်ပတ်သက်သော မတော်တဆမှုများဖြစ်ပွားခဲ့ပြီးနောက် ဓာတ်လိုက်ခြင်း၊ မီးလောင်ခြင်း၊ လျှပ်စစ်နှင့်ဆိုင်သည့် မတော်တဆ ဖြစ်ခြင်းများကို ကြိုတင်ရှောင်ရှားနိုင်ရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို

အောက်တိုဘာလဆန်းပိုင်းမှစတင်ပြီး ကျေးရွာများသို့ ကွင်းဆင်းကာ ပြုလုပ်ပေးနေကြောင်း ပေါင်မြို့နယ် လျှပ်စစ်ဌာနမှ သိရသည်။

“မြေကိုက်ရင်ဆေးရှိတယ်၊ ဓာတ်လိုက်ရင် ဆေးမရှိဘူးလို့ ပြောချင်ပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် လျှပ်စစ်အန္တရာယ်ဖြစ်တာထက် ပေါ့ဆမှုကြောင့်ဖြစ်တာက ပိုများတယ်။ အဲဒီတော့လျှပ်စစ်မီးသုံးစွဲသူတွေအနေနဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ကိစ္စတွေကို သိထားပြီးကြိုတင်ကာကွယ်နိုင်အောင် အခုလိုပညာပေးလုပ်ငန်းတွေကို ရွာတွေအထိဆင်းပြီးလုပ်နေကြတာပါ”ဟု ပေါင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမိုင်းအောင်နေထွန်းက အုန်းတပင်ကျေးရွာတွင်ပညာပေးလုပ်ငန်းများပြုလုပ်နေစဉ် သံလွင်တိုင်းမ်သို့ပြောသည်။

လွန်ခဲ့သောသုံးလခန့်က ပေါင်မြို့နယ် ဆင်ရွာကျေးရွာတွင်အုတ်နံရံကို “လျှပ်စစ်လွန်” ဖြင့်ဖောက်နေသူ အမျိုးသားတစ်ဦးဓာတ်လိုက်ပြုတ်ကျသေဆုံးခဲ့ခြင်း၊ ကျိုက်ထိုမြို့နယ်ကင်ပွန်းချောင်းရွာတွင် ဆိုင်းဘုတ်ထောင်နေသူတစ်ဦးဓာတ်အားလိုင်းဆွဲအားကြောင့် ဓာတ်လိုက်သေဆုံးခဲ့ခြင်း၊ ကျိုက်မရောနှင့် သထုံမြို့နယ်တို့တွင် ရေတွင်းမှရေမော်တာအား ရေစိုနေစဉ် ကိုင်တွယ်မိပြီးဓာတ်လိုက်သေဆုံးခြင်းဖြစ်ရပ်များလည်း လတ်တလောတွင်ဖြစ်ပွားခဲ့သေးကြောင်း ယင်းကဆက်လက်ပြောသည်။

“လျှပ်စစ်အန္တရာယ်မဖြစ်ဖို့ဆိုရင် မီးကျွမ်းနေတဲ့မီးခလုပ်ပလပ်ခုံတွေကိုလဲပါ။ ဆွေးနေတဲ့ဆားဗစ်ကြိုး တွေကိုလဲပစ်ပါ။ လျှပ်စစ်နဲ့ထမင်းချက်တဲ့သူတွေက ဖိနပ်စီးထားဖို့လိုပါတယ်။ မီးပူတိုက်နေတုန်း ထမင်းဟင်း ချက်နေတုန်း မီးပျက်သွားတယ်ဆိုရင် ပလပ်ကြိုးဖြုတ်ထားပါ။ မေ့ပြီးမဖြုတ်မိလို့ မီးကပြန်လာတဲ့အခါ အပူလွန်ကဲပြီးမီးလောင်တတ်တယ်။ ဓာတ်ကြိုးတွေကို ဝါးလုံးနဲ့မထိုးကြနဲ့။ ဓာတ်မီးတိုင်ပေါ်ကိုမတက်ကြနဲ့။ ဓာတ်အား လိုင်းနဲ့မလွတ်တဲ့ သစ်ပင်တွေခုတ်ချင်ရင် လျှပ်စစ်ဌာနကိုအကြောင်းကြားပါ။ မီးဖြတ်ပေးမယ်။ အဲ့ဒီတော့ခုတ်ကြပါ။ အရှင်းလင်းဆုံးပြောချင်တာက ဓာတ်ကြိုးမှာ ဓာတ်အားရှိနေတယ်လို့ပဲယူဆထားကြပါ” ဟု ဦးမိုင်းအောင်နေထွန်းက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက်သိထားသင့်သည်များကို ရှင်းလင်းပြောဆိုခဲ့သည်။

လျှပ်စစ်စီးကြောင်းသည် ဓာတ်လိုက်ခံရသူရဲ့ နှလုံးကတဆင့်ဖြတ်၍ စီးဆင်းမှုကြောင့် ဓာတ်လိုက်ခံရသူမှာ သုံးမိနစ်အတွင်းသေဆုံးနိုင်ကြောင်း၊ နေအိမ်တွင် ဓာတ်လိုက်နေသူကို ကယ်တင်လိုပါက မိန်းခလုပ် ကိုအရင်ပိတ်ရမည်ဖြစ်ကြောင်း၊ ခြောက်နေသော ဝါး၊သစ်သားခေါင်းဖြင့်သာ ဓာတ်လိုက်နေသူကို ထိုးတွန်းရ မည်ဖြစ်ကြောင်း၊ အဆောက်အဦးများဆောက်လုပ်ရာတွင် 33 KVA ဓာတ်အားလိုင်းရဲ့ဘေးတိုက် ၁၀ ပေကွာ မှာသာဆောက်လုပ်သင့်ပြီး၊ လျှပ်စစ်မီးကြိုးသွယ်တန်းရာတွင် ခြံစည်းရိုး၊သစ်ပင်၊သံဇကာ၊ သံတခါးများတွင်ခြည်နှောင်သွယ်တန်းမှု မပြုလုပ်သင့်ကြောင်း လျှပ်စစ်ဌာနမှ ပညာပေးလုပ်ငန်းပြုလုပ်ရာတွင်ဝေငှသော လက်ကမ်း စာရွက်များအရသိရသည်။

ပေါင်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားသွယ်တန်းအသုံးပြုနေသည့် ရပ်ကွက်ကျေးရွာပေါင်း ၄၇ ရွာထိရှိနေပြီး ကျောက်ရေတွင်း၊ အုန်းတပင်၊ ကျားဘို၊ ထန်းပင်ချောင်ကြီး၊ သဲကုန်းစသော ကျေးရွာများတွင် လျှပ်စစ်ဌာနဝန်ထမ်းများက ကွင်းဆင်းသွားရောက်ပြီးပညာပေးလုပ်ငန်းများကို အိမ်တိုင်ယာရောက်သွား၍လည်းကောင်း၊ လူစုလူဝေးများတွင်လည်းကောင်း၊ ပြုလုပ်ခဲ့ကြပြီး ပေါင်မြို့အပိုင်တွင် မီတာတပ်ဆင်သုံးစွဲနေသူစုစုပေါင်း ၃ သောင်းကျော်ရှိကြောင်း လျှပ်စစ်ဌာနကထုတ်ပြန်ချက်အရသိရသည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.