မော်လမြိုင်၊ အောက်တိုဘာ ၁၈
မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့တစ်ရက်သာ တက်ခဲ့ပြီး နောက်ပိုင်း ရက်များခွင့်ယူခဲ့သည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးအား လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်မှုများ ပြုလုပ်နေသည့်အပေါ် လွှတ်တော်တက်ရန် ခွင့်ယူခဲ့သော်လည်း လွှတ်တော်တာဝန် လုံးဝမပျက်ကွက်ခဲ့ကြောင်း ၎င်းက အောက်တိုဘာလ (၁၈)ရက်နေ့တွင် သံလွင်တိုင်းမ်သို့ ပြောကြားသည်။
ဝန်ကြီးချုပ်အနေဖြင့် ရန်ကုန်မြို့တွင်ကျင်းပသည့် Myanmar Economic Forum တက်ရောက်ရန် လွှတ်တော်ဥက္ကဌထံသို့ ယခင်ကတည်းက တရားဝင် ခွင့်ပန်ခဲ့ခြင်းဖြစ်ပြီး ဝေဖန်မှုများကို မှတ်ချက်မပေးလို ကြောင်း ၎င်းကပြောသည်။
“ဝေဖန်နေကြတယ်ဆိုတော့ ဒါက အမြင်ပေါ့နော်။ သူ့ဘက်ကိုယ့်ဘက်အမြင်ပေါ့နော်။ သူတို့အမြင် နဲ့သူတို့ပြောတာလေ။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့တော့ ခွင့်တိုင်ခွင့်ရှိပါတယ်” ဟု ၎င်းကပြောကြား သည်။
ဝန်ကြီးဌာနသုံးခုကို တာဝန်ယူထားသည့်အတွက် လွှတ်တော်သို့ မိမိမတက်ရောက်နိုင်သော်လည်း မိမိ ဖြေကြားပေးရမည့်မေးခွန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများကဖြေကြားပေးရန် မှာကြားထားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ဝန်ကြီးချုပ်တစ်ယောက်ရဲ့တာဝန်လည်းရှိတယ်။ တခြားဌာနနှစ်ခုကိုလည်း တွဲကိုင်ထားတဲ့အတွက် အစ်ကို့မှာ ပိုပြီးတာဝန်ကြီးပါတယ်။ အဲ့ဒါကြောင့် ဝန်ကြီးဌာနတွေကိုမေးထားတာတွေကို ကိုယ်မဖြေနိုင်ပေမယ့် သက်ဆိုင်ရာဝန်ကြီးဌာနတွေကိုဖြေကြားပေးဖို့မှာထားပြီးသားပါ။ ဆက်စပ်မေးခွန်းတွေကိုလည်း စာနဲ့ဖြေဆိုပေး တာတို့ပေါ့။ ကိုယ်တို့ Law အတိုင်းပဲလုပ်ခဲ့ပါတယ်” ဟု ၎င်းကရှင်းပြသည်
အတွေ့အကြုံနည်းနေသေးသည့်အတွက် အုပ်ချုပ်မှုအပိုင်းအားမရသော်လည်း ပြည်သူများသဘောကျ သည်အထိပြောင်းလဲလာလိမ့်မည်ဟု ယုံကြည်ကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က သံလွင်တိုင်းမ်သို့ပြောကြားသည်။
“သူကတော့ နည်းနည်းတော့ပျော့တာပေါ့။ ဒါပေမယ့် အသက်ငယ်လည်းငယ်သေးတယ်။ အုပ်ချုပ်ရ တာ အခုမှ လေးငါးခြောက်လပဲ ရှိသေးတော့ အတွေ့အကြုံနည်းပါသေးတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ် တွေကလည်း ဝိုင်းပြီးတွန်းရမှာပေါ့။ နောက်တော့ အုပ်ချုပ်မှုကောင်းလာမယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ခွင့်ယူခွင့် ရှိသော်လည်း လွှတ်တော်အစည်းအဝေးတက်ရောက် ရန် (၁၅)ရက်ဆက်တိုက်ပျက်ကွက်ခဲ့ပါက ကိုယ်စားလှယ်အဖြစ်ရုပ်သိမ်းအရေးယူနိုင်ကြောင်း ချောင်းဆုံ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက သံလွင်တိုင်းမ်သို့ပြောကြားခဲ့သည်။
သတင်း-TU Arkar Min
ဓာတ်ပုံ – ဝရဇိန်(ပေါင်)