မော်လမြိုင်၊ အောက်တိုဘာ ၁၉

ဝါရင့်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည့် မွန်အမျိုးသားပါတီ (MNP) ဥက္ကဌ နှင့် ဒုဥက္ကဌ (၁) တို့ ရှေ့ ဆင့်နောက်ဆင့် ပါတီမှ နှုတ်ထွက်ရန် ထွက်စာတင်ထားသည့်ကိစ္စကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်မည့် ပါတီဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ဟု ပါတီ အထွေထွေအတွင်းရေးမှူး (၂) နိုင်စိုးမြင့်က ပြောသည်။

မွန်အမျိုးသားပါတီ ဥက္ကဌ နိုင်ငွေသိမ်းသည် စက်တင်ဘာ ၂၇ ရက်စွဲဖြင့် “မွန်အမျိုးသားပါတီမှ ရာသက် ပန် နှုတ်ထွက်ခြင်း” ဟူ၍လည်းကောင်း၊ ဒုဥက္ကဋ္ဌ (၁) နိုင်သက်လွင်သည် အောက်တိုဘာ ၁၅ ရက်စွဲဖြင့် “မွန် အမျိုးသားပါတီမှ အပြီးအပိုင် နှုတ်ထွက်ခြင်း” ဟူ၍လည်းကောင်း သုံးနှုန်းထားသည်ကို နှုတ်ထွက်စာတွင် တွေ့ ရသည်။

တင်ပြထားသည့် နှုတ်ထွက်စာ နှစ်စောင်လုံးတွင် ပါတီတွင်း မကျေလည်သည့်ကိစ္စများ ပါရှိသည်ကို တွေ့ရသည်။ ပါတီဥက္ကဋ္ဌ နိုင်ငွေသိမ်း ၏ နှုတ်ထွက်စာတွင် “ပါတီအသက်ရှင်ရေးအတွက် ထိန်းသိမ်းပေးရန် တာဝန်ပေးချက်အရ ကျနော်သည် MNDF (မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့) မှ စ၍ တာဝန်ယူခဲ့သည်။ ပါတီ မပြိုကွဲရေးအတွက် ပေးအပ်သောတာဝန်ကို ဆောင်ရွက်ခဲ့သော်လည်း ကျနော့်အား တာဝန်ပေးအပ်သော ပုဂ္ဂိုလ်များသည် ပါတီရှင်သန်ရေးအတွက် ကျနော်ပေးအပ်သော တာဝန်များကို ဆန့်ကျင်လျက် လုပ်ဆောင်နေ သည်ကို တွေ့ရသည်။” ဟု ပါရှိသည်။

ပါတီ အထွေထွေအတွင်းရေးမှူး (၂) နိုင်စိုးမြင့်က “အမှန်မှာတော့ ကျနော်တို့ ဥက္ကဌကြီးက ပါတီကို တိုးတက်စေချင်တာပေါ့ဗျာ၊ ကောင်းစေချင်တာပေါ့၊ ဒါပေမဲ့ ပါတီထဲမှာ ပဋိပက္ခတွေ ရှိတယ်။ ကျနော့်အမြင် ကတော့ ပုဂ္ဂိုလ်တချို့က ဆရာရဲ့ လုပ်ဆောင်ချက်တွေ ရှိနေတဲ့အပေါ် အားမလို အားမရ ဖြစ်နေတယ်။ ဒါကြောင့် ဒီစာကို တင်တာပဲ ဖြစ်တယ်” ဟု ပြောသည်။

ပါတီဥက္ကဌ နိုင်ငွေသိမ်း နှုတ်ထွက်စာ တင်ထားခြင်းနှင့် ပတ်သက်ပြီး ပါတီဗဟိုကော်မတီ အစည်း အဝေးတွင် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း၊ မွန်အမျိုးသားပါတီအနေဖြင့် နိုင်ငွေသိမ်း၏ လမ်းညွှန်ချက်အတိုင်း ဆက်လက် ရပ်တည်လျှောက်လှမ်းသွားရမည် ဖြစ်ကြောင်း နိုင်စိုးမြင့်က ပြောသည်။

ပါတီ ဒုဥက္ကဋ္ဌ (၁) နိုင်သက်လွင်မှာ NLD အစိုးရမှ ကမ်းလှမ်းသည့် တိုင်းရင်းသားရေးရာ ပြည်ထောင်စု ဝန်ကြီး ရာထူးကို လက်ခံခဲ့ပြီးနောက် မေလနောက်ဆုံးရက် ဗဟိုကော်မတီအစည်းအဝေးတွင် ၎င်းအား ဒုဥက္ကဋ္ဌ ရာထူးမှ လျှော့ချကာ သာမာန်ဗဟိုအလုပ်အမှုဆောင် တစ်ဦးအဖြစ်သာ သတ်မှတ်ဆုံးဖြတ်ခဲ့သည်။

ထိုဆုံးဖြတ်ချက်ကြောင့် ပါတီတွင်း သဘောထားကွဲလွဲမှုများ ရှိခဲ့ပြီး၊ ထိုဆုံးဖြတ်ချက်ကို ပြန်လည်သုံး သပ်ပေးရန် နိုင်သက်လွင် ကလည်း ပါတီသို့ စာရေးတင်ပြခဲ့သည်။ နိုင်သက်လွင် ၏ နှုတ်ထွက်စာတွင် “ရွေး ကောက်ပွဲ ပြီးသည့်နောက် ကျွန်တော်သည် တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ယူရာတွင် ကျွန်တော်တို့ပါတီ၏ မူဝါဒသဘောထား ရည်ရွယ်ချက်၊ စည်းမျည်းစည်းကမ်းများနှင့် မည်သို့မျှ ဆန့်ကျင်ခြင်း မတွေ့ရပါ။” “ထို့အပြင် တိုင်းရင်းသားလူမျိုးများအားလုံး၏ အခွင့်အရေးများကို ကာကွယ်စောင့် ရှောက်သည့် ဥပဒေအရ ပေါ်ပေါက်လာသည့် ဝန်ကြီးဌာန ဖြစ်သည့်အပြင် တိုင်းရင်းသားလူမျိုးများ၏ တန်း တူညီမျှသည့် အခွင့်အရေးအတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်လာသည့်သူအနေဖြင့် ဤတာဝန်ကို ထမ်း ဆောင်ရန် လက်ခံခဲ့ခြင်း ဖြစ်ပါသည်။” ဟု ပါရှိသည်။

နိုင်ငွေသိမ်းသည် မြန်မာ့နိုင်ငံရေး မွန်နိုင်ငံရေး အမျိုးသားရေး တိုင်းရင်းသားရေးရာနိုင်ငံရေး လောက တွင် စံပြုရလောက်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ဟု မွန်နိုင်ငံရေးကို အနှစ် ၃၀ ကျော်ကြာ တဆက်တစပ်တည်း လုပ်ကိုင်လာသူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ဒုဥက္ကဌ (၂) နိုင်ချမ်းတွဲ့က ပြောသည်။

နိုင်ငွေသိမ်းနှင့် နှစ်ပေါင်း (၂၀) ကျော်ကြာ အနေနီးခဲ့သူ ကိုမင်းမင်းကလည်း “မွန်နိုင်ငံရေး ပထမ မျိုးဆက်ရဲ့ နောက်ဆုံးလူပဲ။ သူတစ်ယောက်ပဲ ကျန်တော့တယ်၊ သူ့ရဲ့ လှုပ်ရှားမှု၊ သူ့ရဲ့လမ်းစဉ် သွန်သင်မှု တွေက ဘာဘဲဖြစ်ဖြစ် နိုင်ငံရေးလောကနေ နားသွားပေမယ့် သူ့မှာ သွားပြီးတော့ အကြံဉာဏ်တွေ တောင်းလို့ရ တယ်။ ဒါပေမဲ့ မွန်နိုင်ငံရေးမှာတော့ ဆုံးရှုံးမှုတစ်ရပ်ပါ” ဟု ပြောသည်။

အသက် ၉၄ နှစ်ရှိပြီးဖြစ်သည့် နိုင်ငွေသိမ်းသည် အထက်တန်းကျောင်းသားဘဝ အချိန်မှ စပြီး ဗမာ့ လွတ်လပ်ရေးအတွက် ဗမာ့ကာကွယ်ရေးတပ်ထဲသို့ ဝင်ရောက်ကာ နိုင်ငံရေးလောကသို့ စတင်အခြေချခဲ့သည်။ နောက်ပိုင်းတွင် မွန်နိုင်ငံရေးလောကထဲသို့ ခြေစုံပစ် ဝင်ရောက်ကာ မွန်လက်နက်ကိုင်တော်လှန်ရေးကို စတင် သူများတွင် ပါဝင်ခဲ့ပြီး မွန်ပြည်သူ့တပ်ဦး ဖွဲ့စည်းတည်ထောင်သူု ဖြစ်သလို ဦးနု ဖဆပလအစိုးးရလက်ထက် အစိုးရနှင့် မွန်ပြည်သူ့တပ်ဦး လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်ရာတွင်လည်း မွန်အမျိုးသားတို့၏ သေနင်္ဂ ဗျူဟာကို အပျောက်မခံဘဲ အဓိကကြသည့် အခန်းကဏ္ဍတွင် ဦးဆောင်ခဲ့သူ ဖြစ်သည်။ ၁၉၆၀ ခုနှစ်တွင် တိုင်းရင်းသားများ ဦးဆောင်ပြုလုပ်သော တောင်ကြီးညီလာခံသို့ မွန်နိုင်ငံရေးခေါင်းဆောင်အဖြစ်လည်းကောင်း၊ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ နဝတ၊ နအဖခေတ် တစ်လျောက်လုံးတွင် မြေအောက်နိုင်ငံရေးကို လည်းကောင်း၊ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်အား ဝါရင့်နိုင်ငံရေးသမားတစ်ဦးအနေဖြင့် လည်း ကောင်း၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အနေဖြင့်လည်းကောင်း၊ လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အနေဖြင့်လည်းကောင်း တဆက်စပ်လုံး ဝန်းရံပေးခဲ့သူလည်း ဖြစ်သည်။

နိုင်ငွေသိမ်းသည် နိုင်ငံရေးပုဒ်မဖြင့် (၆) ကြိမ်တိုင် ထောင်နန်းစံခဲ့ရသူ ဖြစ်ပြီး၊ နှုတ်ထွက်စာ မတင်မီ အချိန်ထိ မွန်အမျိုးသားပါတီ၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

သတင်း – နဒီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.