သထုံ၊ အောက်တိုဘာ ၁၃

သထုံမြို့ရှိ လုပ်ငန်းရှင်တစ်ဦး၏ နေအိမ်သို့ ညအချိန်ဝင်ရောက်စီးနင်းခဲ့သည် လူ(၂၁)ဦးအား အာမခံ ပေးထားခြင်းအပေါ် ကျေနပ်မှုမရှိကြောင်း ကျုးလွန်ခြင်းခံရသည့် အိမ်ရှင် ဦးဝင်းစိုးမိုးက ပြောသည်။<!--more-->

အောက်တိုဘာ(၁၃)ရက်နေ့ည (၁၀) နာရီကျော်ခန့်အချိန်က သထုံမြို့နယ် သိမ်ကုန်းရပ်ကွက်မှ ကောင်းကောင်းဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင် ဦးဝင်းစိုးမိုး၏ နေအိမ်သို့ နန်းခဲ ရပ်ကွက်မှ ရေခဲ စက်လုပ်ငန်းရှင် ကိုအောင်မြင့်မော် ဦးဆောင်သော လူ ၂၁ ဦးမှ တုတ်များဓါးများကိုင်ဆောင်ကာ ဆိုင်ကယ် ၃စီး ကားတစ်စီးဖြင့် ဝင်ရောက်လာပြီး ကိုဝင်းစိုးမိုး အိပ်နေသည့် အိမ်အပေါ်ထပ်အထိ တံခါး လေးဆင့်အား ဖျက်ဆီးပြီးဝင်ရောက်လာသဖြင့် ကိုဝင်းစိုးမိုးသည် ကိုယ်လွတ်ရုန်းပြီးထွက်ပြေးခဲ့ရကြောင်း၊ အိမ်မျက်စောင်း ထိုးရှိ အောင်မြင့်မြတ်ထမင်းဆိုင်ထဲ ဝင်ရောက်နိုင်ခဲ့ပြီး အသက်ချမ်းသာရာရခဲ့ကြောင်း၊ ထိုဖြစ်စဉ်ကြောင့် ကိုဝင်းစိုးမိုး၏ညာလက်ပြင်နှင့် ခြေမျက်စိတို့တွင်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

“သူတို့အဖွဲ့က ၂၁ ယောက်။ လောလောဆယ် ၅ ယောက်ကို ရဲကဖမ်းပြီးတော့ တရားရုံးကိုပို့တယ်။ အောင်မြင့်မော်ဆိုတဲ့ ခေါင်းဆောင်လုပ်တဲ့သူကို သထုံတရားရုံးက အာမခံပေးလိုက်တယ်။ သူ့နောက်လိုက် (၄) ယောက်ကိုတော့ ချုပ်ထားတယ်လို့သိရတယ်။ ဒီလိုမင်းမဲ့စရိုက်ဆန်တဲ့လုပ်ရပ်အမှုအပေါ် ဥပဒေမှာ အဲဒီ လုပ်လို့ရသလားသိချင်ပါတယ်“ ဟု သထုံမြို့ သိမ်ကုန်းရပ် မင်းလမ်းမနေဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းလုပ် ကိုင်သူ ကိုဝင်းစိုးမိုးက ပြောဆိုသည်။

ထို့သို့ အုပ်စုလိုက်ဆောင်ရွက်ခဲ့သည့်ကိစ္စအား သထုံရဲစခန်းသို့တိုင်ကြားခဲ့ရာ (ပ)၆၀၃/၂၀၁၆ ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၄၅၂ /၁၁၄ အရ ရဲစခန်းက အမှုဖွင့်အရေးယူထားပြီး အောက်တိုဘာ (၁၄)ရက်နေ့တွင် ဦးအောင်မြင့်မော်အပါအဝင် လူငါးဦးအားဖမ်းဆီးခဲ့ကြောင်း၊ ချုပ်မိန့်အား သထုံမြို့နယ်တရားရုံးသို့ အမှုစစ် ဒုရဲအုပ် အာကာထွန်းမှ တောင်းခံခဲ့စဉ် သထုံမြို့နယ်တရားသူကြီး ဦးရွှေမြင့်အောင်မှ ကျန် ၄ ယောက်အား ချုပ်မိန့်ရီမန် ပေးသော်လည်း အမှုမှ ဦးဆောင်သူ ကိုအောင်မြင့်မော်အား အာမခံဖြင့် လွှတ်ပေးခဲ့ပြီး ယင်းအပေါ် တရားလိုမှ မကျေနပ်ကြောင်းပြောဆိုခြင်းဖြစ်သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၅၂ မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေအရ သာမန်အခြေအနေတွင် အာမခံပေး ခွင့်မရှိသော ပုဒ်မဖြစ်နေ၍ ယခုကဲ့သို့ အာမခံပေးရခြင်းနှင့် ပတ်သက်ပြီး သထုံမြို့နယ် တရားရုံးသို့ သွားရောက် မေးမြန်းခဲ့စဉ် “ကျင့် ၄၉၇(၁) ချွင်းချက်အရ သူက သွေးတိုးရောဂါနဲ့ အသဲခြောက်ရောဂါရှိလို့ဆိုပြီး အသဲအထူး ကု ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းဆီက ကုသမှု မှတ်တမ်းတင်ပြလာတယ်။ တရားလိုဒဏ်ရာရထားတယ်တို့ လူ ၂၁ ယောက်ပါတယ်ဆိုတာ မည်သူက မည်သို့ မည်သည့်လက်နက်နဲ့ပြုလုပ်ပါတယ်ဆိုတာတွေ ရီမန် တောင်းတဲ့အခါက ဖော်ပြမထားဘူး။ မြို့မိမြို့ဖတွေက သိန်း၂၀ ကျပ်တန်ခံဝန်နဲ့အာမခံလို့ ခံဝန်ပေးတာပါ”ဟု မြို့နယ်တရားသူကြီး ဦးရွှေမြင့်အောင်က ဖြေဆိုခဲ့သည်။

အမှုနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များအား သထုံရဲစခန်းသို့မေးမြန်ခဲ့ရာ “CCTV မှာပေါ်တဲ့ ၅ ယောက်ကိုဖမ်းတယ်။ ရီမန်ယူ အာမခံပေးတာမပေးတာကတော့ တရားသူကြီးရဲ့အပိုင်းပါ။ ကျန်တဲ့သူတွေကို လည်းစစ်နေပါတယ်။ ပေါ်တဲ့သူကိုဖမ်းဆီးသွားမှာပါ”ဟု သထုံရဲစခန်းမှုးဒုရဲမှုးသန်းဇော်က ဖြေဆိုသည်။

အိမ်ရှင် ကိုဝင်းစိုးမိုးနှင့် အိမ်ကျုးကျော်မှုကျုးလွန်ခဲ့ကြောင်းစွပ်စွဲခံထားရသူ ကိုအောင်မြင့်မော်တို့မှာ သမီးယောက်ဖတော်စပ်ပြီး အိမ်ထောင်ရေးပြဿနာကိုအခြေခံ၍ ယခုကဲ့သို့ ပြဿနာဖြစ်ပွားရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ သို့သော်လည်း အမှုတိုင်ကြားထားသူနှင့် စွပ်စွဲခံရသူတို့မှာ အိမ်နေရာ၊ လုပ်ငန်းနှင့် လူမှုရေးတစ်စုံတစ်ရာပတ်သက်မှုမရှိဘူးလို့ ကိုဝင်းစိုးမိုးက ပြောသည်။
%e1%80%9e%e1%80%91%e1%80%b6%e1%80%af%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%9b%e1%80%bd%e1%80%ad-%e1%80%85%e1%80%ae%e1%80%b8%e1%80%94%e1%80%84%e1%80%b9%e1%80%b8%e1%80%81%e1%80%b6%e1%80%9b
အမှုနှင့်ပတ်သက်၍ လောလောဆယ်တွင်တရားခံဟု ယူဆရသူ လေးဦးကို ဖမ်းဆီးထားပြီး အောက်တို ဘာ ၂၈ ရက်နေ့အထိ ချုပ်မိန့်ရီမန်ရထားကြောင်း၊ တစ်လအတွင်း တရားစွဲတင်ခြင်းပြုလုပ်ရသည့် လုပ်ငန်း သဘာဝရှိကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့သည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.