Dawei Watch| မော်လမြိုင်၊ အောက်တိုဘာ ၁၇

ယခုနှစ် ဘုရားဖူးရာသီအမီ ကျိုက်ထီးရိုးတောင်တက် ကားခများအနက် တစ်မျိုးကို ကားခနှုန်းထား လျှော့ချ လိုက်ကြောင်း ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ်အသင်းထံမှ သိရသည်။

အောက်တိုဘာလ ၁၅ရက်(သီတင်းကျွတ်လပြည့်နေ့)မှစပြီး တောင်ခြေ ကင်းမွန်းစခန်းမှ ဘုရားရင်ပြင်တောင် အထိ နောက်ခန်း ကားခနှုန်းထားကို ကျပ် ၂၅၀၀ မှ ၂၀၀၀ အထိ လျော့ချလိုက်သည်။

အောက်တိုဘာ ၁၅ရက်က ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ် အသင်း တွေ့ဆုံညှိနှိုင်းအပြီး ယင်းသို့ လျော့ချလိုက်ခြင်း ဖြစ်သည်။

အခြား ယာဉ်စီးခနှုန်းထားများဖြစ်သည့် ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းမှ ရသေ့တောင်အထိ ရှေ့ခန်း ကားခ( ကျပ် ၂၅၀၀)၊ နောက်ခန်း(ကျပ် ၁၅၀၀)၊ တောင်ခြေမှ ဘုရားရင်ပြင်အထိ ရှေ့ခန်း (ကျပ် ၃၀၀၀ ) စသည့်နှုန်းထားများကိုမူ ယခင်အတိုင်း ကောက်ခံမည် ဖြစ်သည်။

“တောင်စဖွင့်တဲ့ သီတင်းကျွတ် လပြည့်နေ့ကနေစပြီး အဲဒီဈေးနှုန်းအတိုင်း ပြေးဆွဲသွားမှာပါ”ဟု ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ်အသင်း ဥက္ကဋ္ဌ ဦးဝိတင်က ပြောသည်။

၎င်းပြင် ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့၏ စည်းကမ်းပိုင်း ကိုလည်း ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သွားမည်ဟု ဦးဝိတင်က ပြောသည်။

“ကားခနှုန်းထားတွေကတော့ မဆိုးပါဘူး၊ ဒါပေမယ့် ဝန်ဆောင်မှုအပိုင်းမှာ အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်၊ မနှစ်ကဆိုရင် ကြုံဖူးတယ်၊ ဘုရားဖူးတွေများတော့ ကြပ်ပိတ်နေအောင်တင်တယ်၊ ခုံတစ်တန်း ၆ ယောက်ကို ၇ ယောက် ၈ ယောက်တင်တယ်၊ စည်းမရှိ ကမ်းမရှိလုပ်နေတာ၊ ဘုရားဖူးတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်၊ ကားခကောက်ဖို့ တစ်ခုတည်းအတွက် မဖြစ်သင့်ဘူး၊ စနစ်တကျနဲ့ အားလုံးအဆင်ပြေဖို့ ကားတွေ ကိုထိန်းသိမ်းဖို့လိုတာပေါ့”ဟု မော်လမြိုင်မှ မောင်စိုးအောင်က ပြောသည်။
%e1%80%80%e1%80%ba%e1%80%ad%e1%80%b3%e1%80%80%e1%80%b9%e1%80%91%e1%80%ae%e1%80%b8%e1%80%9b%e1%80%af%e1%80%ad%e1%80%b8%e1%80%80%e1%80%ac%e1%80%b8%e1%80%81%e1%80%b1%e1%80%9c%e1%80%ba%e1%80%ac%e1%80%b7
ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အသင်းကို ၁၉၉၃ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ကျိုက်ထီးရိုး သို့ ပြေးဆွဲ နေသည့် တောင်တက်ယာဉ် ၁၅၀စီးရှိသည်ဟု တောင်တက်မော်တော်ယာဉ် စာရင်းဇယားအရ သိရ သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.