မော်လမြိုင်၊ စက်တင်ဘာ ၂၆ရက်

မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာအနီးတွင် တိုယို – ထိုင်းကုမ္ပဏီမှ တည်ဆောက်ရန်ကြိုးပမ်းနေသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစီမံကိန်းကို အလိုမရှိကြောင်း အစိုးရသစ်ထံ ပထမဆုံးအကြိမ် စာပေးပို့ခဲ့သည်ဟု သိရသည်။

ရွာပေါင်း (၁၀)ရွာပါဝင်သည့် ဖာလိန်ဒေသခံများနှင့် သံဃာတော်များ အယောက်(၃၀)ဝန်းကျင်တို့သည် စက်တင်ဘာ ၂၆ရက်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌတို့ကို တွေ့ဆုံစာတင်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ ပြည်ထောင်စုလွှတ်တော်၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်အပါအဝင် ဌာန(၁၃)ခု ထံသို့လည်း စာပေးပို့ခဲ့သည်။

“အရင်အစိုးရဟောင်းမှာလည်း ကျမတို့တခါစာတင်ခဲ့ပါတယ်။ ဘာမှတုံ့ပြန်မှုမရှိပါဘူး။ မြန်မာနိုင်ငံရင်းနှီး မြုပ်နှံမှုကော်မရှင်ဆီမှာလည်းတင်ပါတယ်။ အခုလက်ရှိအစိုးရသစ်မှာ ကျမတို့ပထမအကြိမ်စာလာတင်တာ ဖြစ်ပါတယ်”ဟု အံဒင်လူငယ် မိစိုက်စွန်းက ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် လွှတ်တော်ဥက္ကဌတို့အားတွေ့ဆုံရာတွင် ဒေသခံများမလိုလားသည့် စီမံကိန်းကို ကုမ္ပဏီအနေဖြင့် လာရောက်လုပ်ဆောင်ခြင်းမပြုလုပ်နိုင်ရန် တာဝန်ယူသွားမည်ဟု ပြောဆိုခဲ့ ကြောင်း ၎င်းကပြောသည်။

“ဒေသခံတွေမလိုလားတဲ့စီမံကိန်းမဖြစ်အောင် သူတို့ဘက်က ဆိုင်းငံ့ထားပေးမယ်။ လာပြီးမလုပ်ဆောင်ဖို့ သူတို့တာဝန်ယူမယ်လို့ပြောပါတယ်” ဟု မိစိုက်စွန်းက ပြောသည်။

စာတွင် သဘာဝရေမြေတောတောင်ကို အမှီပြုပြီး လယ်ယာဥယျာဉ်ခြံ၊ရေလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်း ကြောင်း ပြုနေကြသူများ ဖြစ်သည့်အလျောက် ရေမြေသဘာဝပတ်ဝန်းကျင်နှင့် ကမ်းရိုးတန်း ပထဝီအနေ အထားကို ပြောင်းလဲပျက်စီးသွားစေမည့် ယင်းစီမံကိန်းကို လက်မခံနိုင်ကြောင်း ရေးသားထားသည်။

ထို့နောက် ဖာလိန်ဒေသတွင်ပါဝင်သည့် အံဒင်ကျေးရွာအုပ်စု၏ အဓိကထွက်ကုန်(၃)မျိုးဖြစ်သော စပါး၊ကွမ်းသီး၊ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် အခြားရာသီအလိုက်ထွက်သည့် သီးနှံ(၁၃)မျိုးမှ ၂၀၁၄ခုနှစ်အတွက် တနှစ်ဝင်ငွေ မှာ ကျပ်သန်းပေါင်း(၇၀၀၀)ကျော်ရှိကြောင်း အချက်အလက်များကို စစ်တမ်းကောက်ပြီး သုတေသန အစီရင်ခံ စာတစောင်ပြုစုခဲ့သည်။
anddin
အံဒင်ကျောက်မီးသွေးစီမံကိန်းအကြောင်းနှင့်ပတ်သက်၍ နိဒါန်း-Touching the fire ရုပ်ရှင်နှင့် ဂျပန် ထိုင်း ခရီးစဉ် အင်တာဗျုးကို ၂၀၁၅တွင် ရိုက်ကူးခဲ့သည့် ဒါရိုက်တာ မင်းသန်းဦးက စီမံကိန်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရမည့်သူမှာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်နှင့် ပြည်ထောင်စုလွှတ်တော်ဖြစ်သည့်အတွက် ပြည်နယ်အဆင့်အနေဖြင့် ထိန်း၍မရနိုင်ကြောင်း ပြောသည်။

“ပြည်ထောင်စုလွှတ်တော်မှာ ဒါနဲ့ပတ်သက်ပြီး အဆိုတင်သွင်းရမယ် အဲလိုသွားမှ အစိုးရကိုပြန်ထိန်းလို့ရမယ်။ အခုလိုမျိုးတဖက်တည်းနဲ့သွားမယ်ဆိုရင်တော့ နောက်ဆုံးဆိုင်းငံ့ပေးမယ် အဲဒီလောက်ပဲအဖြေရမယ်။ ရပ်တော့ မရပ်နိုင်ဘူး” ဟု၎င်းကပြောသည်။

၂၀၁၅ ဧပြီလ ၉ရက်တွင် စီမံကိန်းအတွက် ပြည်ထောင်စုအစိုးရနှင့် ကုမ္ပဏီတို့ကြား သဘောတူညီမှု စာချွန် လွှာ(MOA) လက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်းသည် လျှပ်စစ်ဓာတ်အား ၁၂၈၀ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ရာ ပြည်တွင်းက ဝင်းရောင်ခြည်ဦး ကုမ္ပဏီနှင့် တိုယို-ထိုင်း အများပိုင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး အကောင် အထည်ဖော်လုပ်ဆောင်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့်အစိုးရလက်ထက် ၂၀၁၄တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်း စတင် ဝင်ရောက်ခဲ့ပြီး ကန့်ကွက်စာများနှင့် ဆန္ဒပြဖော်ထုတ်မှုများဖြစ်ပေါ်ခဲ့သည်။

သတင်းနှင့် ဓါတ်ပုံ – ချမ်းစွန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.