အော်ဂဲန်နစ်စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို သံလွင်တိုင်းမ်မှာ အပတ်စဉ် ဖော်ပြသွားပါ့မယ်လို့ ပြီးခဲ့တဲ့အပတ် သံလွင်တိုင်းမ် အတွဲ (၅)၊ အမှတ် (၃၁) မှာ ကြိုတင်အသိပေးခဲ့ပါတယ်။
စိုက်ပျိုးရေးပညာရှင်တွေက စိုက်ပျိုးရေးမှာ အပင်တွေအတွက် လိုအပ်တဲ့အဟာရတွေကို ရရှိဖို့ ဓာတ်မြေသြဇာ (Chemical Fertilizer)၊ သဘာဝမြေသြဇာ (Organic Fertilizer) နဲ့ ဇီဝမြေသြဇာ (Bio Fertilizer) တို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။ အော်ဂဲန်နစ်စိုက်ပျိုးရေးစနစ်ဟာ သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာနှစ်မျိုးလုံးနဲ့ အကျုံးဝင်ပါတယ်။
မြန်မာနိုင်ငံအောက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဒေသမှာ မြေသြဇာကို အများအားဖြင့် “ဝဲ” လို့ ခေါ်ကြပြီး၊ ဓါတ်မြေသြဇာကိုတော့ “ဓါတ်ဝဲ” လို့ပဲ ခေါ်ကြပါတယ်။ ဓာတ်မြေသြဇာတွေက ဓာတုဗေဒနည်းပညာနဲ့ ဖော်စပ်ထားပြီး စိုက်ပျိုးရေးဆိုင်တွေမှာ အသင့်ရောင်းချနေတဲ့ ပုလဲ၊ စူပါ၊ ပိုတက်၊ ၁၅ ပတ်လည် စတဲ့ မြေသြဇာတွေ ဖြစ်ပါတယ်။
သဘာဝမြေသြဇာတွေကတော့ သက်ရှိတွေဖြစ်တဲ့ အပင်တွေ၊ တိရစ္ဆာန်တွေရဲ့ ရုပ်ကြွင်းနဲ့ အညစ်အကြေးတွေက ရတဲ့ ကျွဲချေး၊ နွားချေး၊ မြင်းချေး၊ ဝက်ချေး၊ လင်းနို့ချေး၊ ပဲဖတ်၊ နှမ်းဖတ်၊ သစ်ဆွေးမြေ စတဲ့ မြေသြဇာတွေ ဖြစ်ကြပါတယ်။
ဇီဝမြေသြဇာကတော့ အပင်တွေ တိုက်ရိုက်စားသုံးလို့ မရတဲ့ သက်ရှိတွေ ဖြစ်ပြီး၊ အပင်တွေ လောလောဆယ် စားလို့ မရနိုင်သေးတဲ့ အစာတွေကို အပင်တွေ စားလို့ရတဲ့ အစာအာဟာရတွေ ဖြစ်အောင် ပြောင်းလဲထုတ်လုပ်ပေးပါတယ်။ သူတို့တွေဟာ ဘက်တီးရီးယားတွေ၊ မှိုတွေ၊ ရေညှိတွေ စတဲ့ အဏုဇီဝရုပ်တွေ (Micro-organisms) ဖြစ်ကြပါတယ်။
သဘာဝအော်ဂဲန်နစ်ဒြပ်တွေနဲ့ အဏုဇီဝရုပ်တွေဟာ အပေါ်ယံမြေဆီလွှာတွေမှာ အများဆုံး တည်ရှိကြပြီး၊ အပင်တွေ ရှင်သန်ဖို့ လိုအပ်တဲ့အဟာရဓါတ်တွေကို ဒီအပေါ်ယံမြေလွှာတွေမှာ ရှိတဲ့ အမြစ်တွေကနေ ရယူကြပါတယ်။ အပေါ်ယံမြေဆီလွှာတွေ မရှိတော့ဘူးဆိုရင် အဏုဇီဝရုပ်တွေ မရှင်သန်နိုင်ကြတော့လို့ မြေသေတွေ ဖြစ်ပြီး၊ အပင်တွေ ပေါက်ရောက်ဖြစ်ထွန်းနိုင်ဖို့ မလွယ်ကူတော့ပါဘူး။
ဒီသက်ရှိ အဏုဇီဝတွေဟာ ပိုးသတ်ဆေးတွေ၊ ပေါင်းသတ်ဆေးတွေနဲ့ ဓါတ်မြေသြဇာတွေလို ဓာတုပစ္စည်းတွေ အလွန်အကျွံ သုံးစွဲထားတဲ့ မြေမှာ မရှင်သန်နိုင်ကြပါဘူး။ (ဓာတ်သတ္တု၊ ရေ၊ လေတွေလောက်ပဲ ရှိတဲ့ မြေဆီလွှာထဲမှာ အသက်မရှင်နိုင်ကြဘူး။)
သူတို့ ရှင်သန်ဖို့နဲ့ သူတို့ လုပ်ငန်းတာဝန်တွေ လုပ်ဆောင်နိုင်ဖို့ (ဇီဝကမ္မဖြစ်စဉ်) အတွက် သဘာဝမြေသြဇာလို အော်ဂဲန်နစ်ပစ္စည်းတွေ လုံလုံလောက်လောက် ရှိဖို့ လိုအပ်ပါတယ်။ သူတို့ ရှင်သန်လို့ မရတဲ့ ပတ်ဝန်းကျင်တွေမှာ ကြာကြာ မရှင်သန်ဘဲ အချိန်တိုအတွင်းမှာ ပျောက်ဆုံးသွားကြပါတယ်။ ဒါ့ကြောင့် ဇီဝမြေသြဇာတွေဟာ မြေတစ်ဧကမှာ ဘယ်လောက် ဘယ်မျှထည့်ပေးရမယ်ဆိုတာ အဓိကမဟုတ်ဘဲ၊ သူတို့ ရှင်သန်နိုင်မယ့် ပတ်ဝန်းကျင်တွေကို ဖန်တီးပေးဖို့ကပဲ ပိုအရေးကြီးပါတယ်။
ဒီအပတ်မှာတော့ အော်ဂဲန်နစ်စိုက်ပျိုးရေးမှာ အကျုံးဝင်တဲ့ ဇီဝမြေသြဇာ လုပ်နည်းတွေထဲက အသီးနဲ့ အပွင့်ပိုင်းကို အားကောင်းစေတဲ့ “လယ်ယာဥယျာဉ်ခြံသုံးအီးအမ်” လုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
လယ်ယာဥယျာဉ်ခြံသုံးအီးအမ် ပြုလုပ်နည်း
လိုအပ်တဲ့ပစ္စည်းများ
၁။ သင်္ဘောသီးမှည့် (၅၀ သားခန့်)
၂။ ငှက်ပျောသီးမှည့် (၅၀ သားခန့်)
၃။ ရွှေဖရုံသီးမှည့် (၅၀ သားခန့်)
၄။ မုန်လာဥနီ (၅၀ သားခန့်)
၅။ ကြက်ဥ ၅လုံး
၆။ ဖွဲနု ၁ ပိဿာ
၇။ သကြားကြမ်း (သို့) ထန်းလျက်ကြမ်း (သို့) ကြံသကာ ၃ ပိဿာ
၈။ သကြား၊ ထန်းလျက်တွေကို ကျိုချက်ဖို့ အိုးတစ်လုံး၊ ပလက်စတစ်အကြည်၊ သားရေကွင်း
၉။ ရေ
၁၀။ စဉ့်အိုးတစ်လုံး (သို့မဟုတ်) ပလပ်စတစ်ပုံးတစ်လုံး
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ငှက်ပျေားသီး၊ သင်္ဘောသီး၊ ရွေဖရုံသီး၊ မုန်လာဥနီတွေကို ရေမဆေးဘဲ အခွံတွေပါ ပါးပါးလှီး။
၂။ (ဆေးနဲ့ ချွတ်မထားတဲ့) သကြားကြမ်း၊ ကြံသကာကြမ်း၊ ထန်းလျက်ကြမ်းတွေကို ရေနဲ့ မပြစ်မကျဲကျို။
၃။ အဲဒါတွေကို သန့်စင်ဆေးကြောထားတဲ့ စဉ့်အိုးတစ်လုံးမှာ ထည့်။ ဖွဲနုကို ထည့်။ ကြက်ဥကို ဖောက်ထည့်။ ရေကို မပျစ်မကျဲ ရောထည့် (အမယ်အားလုံး မြုပ်ရုံ)။ (စဉ့်အိုးအပေါ်ပိုင်း အနည်းဆုံး ၃ပုံ ၁ပုံခန့် လေဟာနယ်ထားပေးပါ)
၄။ စဉ့်အိုးကို အပူချိန်မျှတပြီး အရိပ်ရတဲ့နေရာမှာ ထား။ အလင်းရောင် ဖောက်နိုင်တဲ့ ပလပ်စတစ်အကြည်နဲ့ လုံအောင်အုပ်စီးပေး။ (အလင်းမဖောက်နိုင်တဲ့ အဖုံးနဲ့ မဖုံးရ)။ ၂ ရက် တစ်ကြိမ် အိုးကို လှုပ်ပေး။ အေးတဲ့အချိန်ဆို ၁၀ ရက်လောက်၊ ပူတဲ့အချိန်ဆို ၇ ရက်လောက် ကြာရင် အပေါ်ယံမျက်နှာပြင်မှာ အဖြူရောင်မှိုတွေ တက်နေတာ တွေ့ရမယ်။
၅။ အရည်ကို ပိတ်ပါးပါးနဲ့ စစ်ယူပြီး ပုလင်းအသန့်ထဲမှာ ထည့်ထား။ ပုလင်းပြည့်အောင် မထည့်ရ။ ပုလင်းကို အေးပြီး ခြောက်သွေ့တဲ့နေရာမှာ ထား။ အနည်းဆုံး ၆ လထိ အထားခံပါတယ်။
အသုံးပြုပုံ
ရေ ဆေးဖြန်းပုံးတစ်ပုံး (၄ ဂါလံ) မှာ အခုအီးအမ်ဖျော်ရည် (၁၅၀ စီစီ) နဲ့ ရောစပ်ပြီး အရွက်ကို ၁၅ ရက်တစ်ကြိမ် ဖြန်းပေးနိုင်ပါတယ်။
လယ်ယာနဲ့ ဥယျာဉ်ခြံရှင်တွေ လက်တွေ့စမ်းသပ်လုပ်ကိုင်ပြီး အသုံးပြုနိုင်ကြပါစေ။
အီးအမ်ရဲ့ အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီး နောက်အပတ်မှာ ဆက်လက်တင်ပြပါမယ်။ ။
(နိုင်အာကာ လေ့လာစုစည်းတင်ပြသည်)