မုဒုံ ဇူလိုင် ၂၅

မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာနှင့် ကော့ခပုံကျေးရွာကြားရှိ မော်လမြိုင်-မုဒုံကားလမ်းပေါ်တွင်ဆိုင်ကယ်မောင်းနှင်သူနှစ်ဦးမှ လာရာတူဆိုင်ကယ်မောင်းနှင်သည့်အလယ်တန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးထံမှဝတ်ဆင်ထားသည့်ရွှေဆွဲကြိုးတစ်ကုံးအား ဆွဲဖြတ်၊ လုယက်ယူဆောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ မော်လမြိုင်မြို့၊တောင်ဝိုင်းရပ်နေ၊ ဒေါ်အေးအေးမော်(၄၈)နှစ်တောင်ဝိုင်းရပ်၊ အလယ်တန်းကျောင်းအုပ်မှ ဇူလိုင်လ(၂၀)ရက်နေ့၊ (၅း၀၀)နာရီအချိန်ခန့်တွင် မုဒုံမြို့၊မြို့မ(၄)ရပ်ကွက်ရှိယောက္ခမဖြစ်သူနေအိမ်မှ ဆိုင်ကယ်ဖြင့်တစ်ဦးတည်း မုဒုံမှမော်လမြိုင်သို့မောင်းနှင်လာရာ ကွမ်တာကျေးရွာအလွန်၊ ကော့ခပုံကျေးရွာမရောက်မှီတွင် ယာဉ်ကြောတူနောက်မှမောင်းနှင်လာသည် FZ.5 အမဲရောင်ဆိုင်ကယ်မောင်းနှင်သူ သည် ၎င်းဆိုင်ကယ်အားဘေးချင်းယှဉ်အနေအထားဖြင့်ကပ်မောင်းလာ၍ အရှိန်လျှော့လိုက်စဉ်၎င်းလည်ပင်း တွင် ဝတ်ဆင်ထားသည့် (၁၅)ပဲရည်ရှိ မိုးစက်ပုံလော့ကတ်သီးပါတစ်ကျပ်ခွဲသားရွှေဖြတ်ယူပြီး ၎င်းအားဆိုင်ကယ်နောက်ထိုင်စီးနင်းသူမှခြေဖြင့်တွန်းကန်လိုက်ကြောင်း၊ ယင်းခြေဖြင့်တွန်းကန်လိုက်ခြင်းကြောင့်ဆိုင်ကယ်နှင့်အတူ လူပါလဲကျခဲ့ပြီး ဝဲလက်မောင်း၊ ဝဲပေါင်တို့တွင် ပွန်းခြစ်ဒဏ်ရာများရရှိခဲ့ကြောင်းရဲမှတ်တမ်းများအရ သိရှိရသည်။

အဆိုပါ လုယက်မှုအား ဖြစ်ရပ်ဖြစ်ပြီး(၂)ရက်ကြာမှ ရွှေကြိုးဖြတ်လုယက်ခံရသူဆရာမကြီးကလာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူအား ဥပဒေအရ အရေးယူပေးရန်ဇူလိုင်လ(၂၂)ရက်နေ့ ညနေပိုင်းက လာရောက်တိုင်တန်းသဖြင့် မုဒုံ၊ မြို့မရဲစခန်းမှ(ပ)၁၄၁/၂၀၁၆ဌ ပြစ်မှုပုဒ်မ(၃၈၂)ဖြင့် သတင်းချက်ရေးဖွင့်ကာ ဒုရဲအုပ် လွမ်းအောင်မှစစ်ဆေးလျှက်ရှိကြောင်းလည်း သိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.