မုဒုံ ဇူလိုင် ၂၅

မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်၊ကန်သာယာရပ်၊ မော်-သံကားလမ်းမဘေးရှိ ကန်သာယာပန်းခြံ၌ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု ထားရှိသွားမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။

n2

အဆိုပါ ကြေးရုပ်ထုလုပ်ရန် ရုပ်တုပုံစံရွေးချယ်အတည်ပြုခြင်း၊ နာယကများရွေချယ်ခြင်း၊ ဘဏ္ဏာငွေရှာဖွေရေးဆပ်ကော်မတီဖွဲ့စည်းခြင်းများအား ဇူလိုင်လ(၂၁)ရက်နေ့၊မွန်းလွဲ(၁း၀၀)နာရီတွင် အစည်းအဝေးထပ်မံ ပြုလုပ်ခဲ့ပြီး တက်ရောက်လာသူအများစုက တိုင်းပြည်နှင့်လူထုကိုဂရုဏာသက်နေသည့်အသွင်ဟန်ရှိသည့်စစ်ဝတ်စုံနှင့် မတ်တပ်ရပ်နေသည့် ကိုယ်လုံးပြည့်ပုံအားရွေးချယ် အတည်ပြုခဲ့ကြောင်းလည်းသိရသည်။

” ဗိုလ်ချုပ်ကြေးရုပ်တုထားရှိခြင်းအားဖြင့် မြို့ရဲ့ဂုဏ်အင်္ဂါရပ်နှင့်လည်း ညီတဲ့အပြင် နောင်လာ နောက်သားများအတုယူနိင်စေသည့်အတွက်ကြောင့်လည်း စစ်ဝတ်စုံနဲ့ သပ်သပ်ရပ်ရပ်၊ ခမ်းခမ်းနားနားပုံကိုပဲ အဆိုပြု တယ်၊ ဗိုလ်ချုပ်ကစစ်ဝတ်စုံဝတ်ဆင်ရင်နှင့် ကျဆုံးခဲ့တာဖြစ်တဲ့အတွက်လည်း အထိမ်းအမှတ်ဖြစ်စေတယ်”ဟု မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၆)၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေတင်ကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုပြုလုပ်ထားရှိနိင်ရေးအတွက် အစည်းအဝေးတစ်ရပ်အား ဇူလိုင်လ(၇) ရက်နေ့က ပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်ထုပ်တုဖြစ်မြောက်ရေးကော်မတီအားအဖွဲ့ဝင်(၂၁)ဦးဖြင့်ဖွဲ့စည်းခဲ့သည်။

“ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထုပြီး အများမြင်သာ၊ ထင်သာတဲ့ ကန်သာယာပန်းခြံနေရာမျိုးမှာထားခွင့် ရတာကိုပဲ နေရင်း၊ထိုင်ရင်းကျေးဇူးတွေဇွတ်တင်မိတယ်။ ဒါကတော့ဖြစ်သင့်၊လုပ်သင့်တဲ့အလုပ်တစ်ခုပဲလေ၊ ဒါပေမဲ့လည်း အာဇာနည်ကျောက်တိုင်နဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားမယ့်နေရာကတစ်ခြားဆီဖြစ်နေတာတစ်ခု ကလွဲလို့ပေါ့”ဟု မြို့ခံတစ်ဦးဖြစ်သူ ဦးကံဝင်းနိင်ကပြောသည်

ဗိုလ်ချုပ်ရုပ်ထုဖြစ်မြောက်ရေးအတွက် လိုအပ်သောငွေများအတွက် အလှူခံခြင်းကို စာသင်ကျောင်း များနှင့် ဈေးများတွင် အလှူခံပုံးထားသွားရန်ရှိပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီမှလည်း သဘောတူ ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာအလိုက်မှလည်း ရန်ပုံငွေများ ထည့်ဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအား စကျင်တုံး(သို့)အုတ်ခုံစကျင်ကျောက်ပြားကပ်အောက်ခံအုတ်ခုံပေါ်တွင်ခန့်မှန်းအမြင့်(၇)ပေဖြင့်ပြုလုပ်မည်ဖြစ်ကာ မြောက်ဘက်သို့မျက်နှာမူထားရှိသွားမည်ဖြစ်ပြီး ကုန်ကျငွေသိန်း(၁၀၀)အထက်တွင်ရှိမည်ဟုလည်းခန့်မှန်းထားကြောင်းလည်းသိရသည်။

လက်ရှိတွင် ဦးဖေအောင်(Aung A-1 Star) ကုမ္ပဏီ မန်းနေဂျင်းဒါရိုက်တာမှ ကျပ်သိန်း(၃၀)၊ ဒေါက်တာဝင်းနိုင်ဌေး၊ ဒေါက်တာသန်းဝင်း၊ ဒေါက်တာဝင်းမော်၊ ဦးခင်စိုး၊ ဒေါ်မိုးတို့မှ စုစုပေါင်းကျပ်(၃)သိန်းစီဖြင့်ထည့် ဝင်ထားပြီး လက်ရှိတွင်(၆၂၃၇၂၅၀)ကျပ်ရရှိထားကြောင်းလည်းသိရှိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.