ရေး ၊ ဇူလိုင် ၁၈

ရေမြို့နယ်အတွင်းရှိ ရေလုပ်ငန်းများအတွင်း ဖြစ်ပွားနေသည့် ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားများ အကြား ဆွေးနွေးညှိနှိုင်းအဖြေရှာကြမည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်အား ရေးမြို့၊အထွေထွေအုပ်ချုပ်ရေးမှူးရုံး

ye-township-sea-worker

အစည်းအဝေးခန်းမတွင် လာမည့် ဇူလိုင်လ ၂၃ ရက်နေ့၊ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပြုလုပ်ရန် ရှိကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က သံလွင်တိုင်းမ်သို့ ပြောသည်။

“ ရေးမြို့နယ်အတွင်း ရေလုပ်ငန်းရှင်နဲ့ရေလုပ်သားများကြားမှာ ပြသနာမဖြစ်ပေါ်စေရေးအတွက် ခုလို အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်တာပါ။ ခရိုင်အဆင့် ရဲတပ်ဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊ အလုပ်သမားဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့၊ ဌာနဆိုင်ရာအကုန်ပါတယ်၊ မီဒီယာတွေပါမယ်၊ ရပ်မိရပ်ဖ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ ပါမယ်။ ကြားမှာ ရင်ဆိုင်နေရတဲ့အခက်အခဲတွေဆွေးနွေးကြမယ်။ လုပ်အားခဘယ်လိုသတ်မှတ်မလဲ၊ ပွဲစားမပါဘဲ ရေလုပ်သားတွေခေါ်ဆောင်တဲ့နေရာမှာ လူကုန်ကူးမှုမဖြစ် အောင်တွေ၊ လုပ်အားခအပြည့်အဝရရှိဖို့နဲ့ခေါင်းပုံဖြတ်ခြင်းမဖြစ်အောင် ဆွေးနွေးရှင်းလင်းကြမယ်။ အဲဒီအထဲမှာ မှ အကောင်းဆုံးအကြံဉာဏ်တွေ ထွက်လာဖို့ ချပြရှင်းလင်းမယ် ” ဟု ၎င်းက ဆိုသည်။

ရေလုပ်ငန်းအတွင်း လူသတ်မှုတွေနှစ်စဉ်ဖြစ်နေကြောင်း၊ မည်ကဲ့သို့အကြောင်းကြောင့်ဖြစ်ရခြင်း၊ လိုအပ်ချက်များနှင့် မည်ကဲ့သို့ဖြေရှင်းဆောင်ရွက်သင့်သည်ကို ဆွေးနွေးသည့်ပွဲဖြစ်ကြောင်း၊ လုပ်ငန်းရှင်နှင့် အလုပ်သမားများကြား ပြဿနာများမဖြစ်ပွားစေရေးအတွက် ရေလုပ်ငန်းရှင်များအပြင် ရေလုပ်သားများပါ ပါဝင်ဆွေးနွေးစေလိုကြောင်း ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ပြောသည်။

“ မူဝါဒအရ ညွှန်ကြားချက်အရလုပ်တဲ့ပုံစံမျိုးမဖြစ်စေချင်ဘူး။ အဖြစ်လုပ်တာမဖြစ်စေချင်ဘူး။ ဒီပြဿနာတွေကိုဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ဖော်ထုတ်ပြီးတော့ ဒီအသိုက်အဝန်းတွေမှာပါဝင်တဲ့ ရေလုပ်ငန်းရှင်တွေ၊ ရေလုပ်သားတွေ၊ လူ့အခွင့်အရေးစောင့်ရှောက်သူတွေ၊ ပွဲစားတွေပါဝင် စေချင်ပါတယ်။ အလုပ်ရှင်အလုပ်သမားပြဿနာတွေရဲ့ နောက်ဆက်တွဲ မှုခင်းဖြစ်စဉ်တွေအပေါ်မှာလဲ အလေးအနက်ဆွေးနွေး စေချင်တယ် ” ဟု ရေလုပ်သားအရေး လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ဦးအောင်နိုင်ဝင်းက သံလွင်တိုင်းမ်သို့ ပြောသည်။

ရေလုပ်ငန်းရှင်တစ်ဦးကလည်း “ပွင့်လင်းမြင်သာမှုအပေါ်အခြေခံဆွေးနွေးကြပြီးတော့ အားလုံးအတွက် အကောင်းဆုံးဖြစ်နိုင်မယ့်အဖြေတစ်ခုရနိုင်ဖို့ မျှော်လင့်ပါတယ် ” ဟု ၎င်း၏အမြင်ကို ပြောသည်။

လူ့အခွင့်အရေးနှင့် တရားမျှတရေးစွမ်းဆောင်သူများအဖွဲ့ကထုတ်ပြန်သည့် ရေးမြို့နယ်အတွင်းရှိ ပင်လယ်ငါးဖမ်းလုပ်ငန်းများရှိ အခြေအနေအရပ်ရပ်များနှင့် အကြံပြုချက်များတွင် ရေလုပ်သားများအတွက် လုပ်အားခအပြည့်အဝရရှိရေးနှင့် လူ့အခွင့်အရေးခံစားခွင့်များအပြည့်အဝရရှိရေအပြင် လူပွဲစားများဖြင့်
အလုပ်သမားခေါ်ယူအသုံးပြုနေမှုတွင် လူကုန်ကူးမှုအသွင်ဖြစ်နေကြောင်းဖော်ပြထားသည်။

“ ရေလုပ်သားတွေနဲ့ပတ်သက်ပြီး ဥပဒေအကာကွယ်ထိရောက်စွာရရှိရေးမျှော်လင့်တယ်။ ဥပဒေတွေ အနေနဲ့ တိတိကျကျချမှတ်မပေးနိုင်သေးမီကာလမှာ ကျွန်တော်တင်ထားတဲ့ အကြံပြုချက်တွေကို ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာတွေကို အကြေအလည်ဆွေးနွေးကြမယ် ” ဟု ရေးမြို့နယ်ရေလုပ်သားအရေး အခြေအရပ် ရပ်များနှင့် အကြံပြုချက်များရေးသားတင်သွင်းသူ လူ့အခွင့်အရေးနှင့် တရားမျှတရေးစွမ်းဆောင်သူများအဖွဲ့ ဒါရိုက်တာ ကိုဂျင်မီက ဆိုသည်။

ရေးမြို့နယ်အတွင်း ကမ်းဝေးငါးဖမ်းလုပ်ငန်းတွင် လုပ်ငန်းရှင် ၂၀၀ ဦးနှင့် ကမ်းနီးငါးဖမ်းလုပ်ငန်းတွင် လုပ်ငန်းရှင် ၃၆၀ ဦး လုပ်ကိုင်လျက်ရှိနေပြီး မွန်ပြည်နယ်အတွင်း ငါးပုဇွန်ထုတ်လုပ်မှုအမြင့်ဆုံးမြို့နယ်တစ်ခု လည်းဖြစ်ကာ ရေလုပ်သားများအနေဖြင့် နှစ်စဉ် ၃၀၀၀ ခန့် လိုအပ်ချက်ရှိနေသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.