ဇူလိုင် ၁၄၊ ၂၀၁၆

မွန်ပြည်နယ်အတွင်း လာရောက်နေထိုင်လုပ်ကိုင်စားသောက်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများအနက် အိမ်ထောင်စာရင်းထုတ်ပေးရမည့် အိမ်ထောင်စု ၂၄၀ ခန့်ရှိသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးထံမှ သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ ရက် ၁၀၀ တွင် ပြည်နယ်အတွင်း နေရာအတည်တကျမရှိဘဲ ရွှေ့ပြောင်းနေထိုင် ကြသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော မှတ်ပုံတင်တမျိုးမျိုး ဆောင်ရွက်ပေး သည့် စီမံချက်စတင်သည့် မေလ ၁ ရက်နေ့မှ လဝကကောက်ခံထားရသည့်စာရင်းအရ ရွှေ့ပြောင်းနေထိုင် သူများ အိမ်ထောင်စု ၉၀၀၀ နီးပါးရှိပြီး ၎င်းအနက်မှ အိမ်ထောင်စုစာရင်းထုတ်ပေးရမည့် အိမ်ထောင်စု ၂၄၀ ခန့်သာရှိသည်ဟု ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးရှိန်ဝင်းက ပြောသည်။

၎င်းက “အချက်အလက်လည်းမှန်ရမယ် သူတို့နေတဲ့ကာလကလည်း ဦးတို့ သတ်မှတ်ထားတဲ့ကာလအတိုင်း အတာပေါ့နော် ၃ နှစ် ၆ လကနေ ၃ နှစ် စသဖြင့်ပေါ့ စည်းကမ်းချက်နဲ့ ကိုက်ညီလို့ ပြစ်မှုတွေ ဘာတွေမရှိတဲ့လူ တွေကိုမှ ထုတ်ပေးတာ စာရင်းကောက်ရတဲ့လူအကုန်လုံးကို ထုတ်ပေးတာမဟုတ်ဘူး၊ ကာယကံရှင်ဆန္ဒက လည်းရှိ အချက်အလက်ကလည်းမှန်မှ ထုတ်ပေးတာဖြစ်ပါတယ်၊ အားလုံးအိမ်ထောင်စု ၈၀၀၀၊ ၉၀၀၀ လောက် မှာ ထုတ်ပေးရမှာက ၂၀၀ ကျော်ဘဲရှိတယ်၊ ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၃ ရာခိုင်နှုန်းနီးပါးလောက်ဘဲရှိတယ်” ဟု ဆိုသည်။

ရွှေ့ပြောင်းများကို အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းစီမံချက်သည် မွန်လူမျိုးတို့အတွက် ထိလွယ်ရှလွယ်သော ဆောင်ရွက်ချက်ဖြစ်ပြီး နိုင်ငံတော်အစိုးရ အကောင်အထည်ဖော်လျက်ရှိသည့် အမျိုးသား ပြန်လည်သင့်မြတ် ရေးလုပ်ငန်းစဉ်ကိုလည်း ထိခိုက်စေသည့်အပြင် မလိုလာအပ်သော နိုင်ငံရေးအခွင့်အရေးကို အခြေခံသော လူမျိုးရေးပြဿနာများ ဖြစ်ပေါ်စေသည်ဆိုပြီး မွန်လူမှုအသင်းအဖွဲ့ (၁၆) ဖွဲ့နှင့် မွန်နိုင်ငံရေးပါတီ ၂ ပါတီတို့က ကန့်ကွက်ထားသည့်အပြင် အဆိုပါစီမံချက်ကို ရပ်ဆိုင်းပေးဖို့ လွှတ်တော်မှာလည်း အဆိုတင်သွင်းခဲ့သည်။

“ဒီကိစ္စကို လွှတ်တော်မှာ တင်ခဲ့တယ်၊ ဆွေးနွေးခဲ့ကြတယ်၊ သက်ဆိုင်ရာဝန်ကြီးကတော့ ယာယီရွှေ့ပြောင်း အလုပ်သမားတွေကို ထုတ်ပေးဖို့ မရှိပါဘူး ထုတ်လည်းမထုတ်ပေးတော့ဘူးဆိုပြီး ပြောတယ်၊ ဒီပြောဆိုချက်ကို လွှတ်တော်က မှတ်တမ်းတင်ထားခဲ့တယ်၊ နောက်ပိုင်း မှားတာဘဲဖြစ်ဖြစ် တမင်တကာလုပ်တာဘဲဖြစ်ဖြစ် ဖြစ်လာရင် သက်ဆိုရာဝန်ကြီးက တာဝန်ယူ ပြန်လည်ဖြေရှင်းပေးဖို့ ပြောခဲ့တယ်၊ စောင့်ကြည့်ရမယ့် အခြေ အနေပေါ့၊ အခု လဝကက သာမန်ရွှေ့ပြောင်းသူ ၂၄၀ ကို လုပ်ပေးဖို့ရှိတယ် အဲလူတွေကိုလည်း ကျနော်တို့ ပြန်စိစစ်သင့်ရင် စိစစ်ရမယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးအောင်နိုင်ဦးက ပြောသည်။

ရွှေ့ပြောင်းနေထိုင်ကြသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော မှတ်ပုံတင်တမျိုးမျိုး ဆောင်ရွက်ပေးရာတွင် သာမန်ရွှေ့ပြောင်းနေထိုင်သူများနှင့် ယာယီရွှေ့ပြောင်းနေထိုင်သူများဆိုပြီး ၂ မျိုးခွဲခြား ထားကာ သာမန်ရွှေ့ပြောင်းနေထိုင်သူများကိုသာ သတ်မှတ်စည်းကမ်းချက်နှင့်အညီ အိမ်ထောင်စုစာရင်း ယာယီအိမ်ထောင်စုစာရင်း ရသင့်သည့်ကဒ် တမျိုးမျိုးထုတ်ပေးခြင်းဖြစ်ပြီး ယာယီရွှေ့ပြောင်းနေထိုင်သူများကို စာရင်းပြုစုထားခြင်းသာဖြစ်သည်။

လဝကအနေဖြင့် အလုပ်လုပ်ကိုင်ရန် ပညာသင်ကြားရန်နှင့် အခြားအခြေအနေကြောင့် မြို့ကြီးများ အလုပ် အကိုင်အခွင့်အလမ်းပေါများသည့် မြို့ပြများ စက်မှုလုပ်ငန်းရှိသည့်မြို့များ နယ်စပ်ဒေသများ စသည့် အရပ်ဒေသ များတွင် ဆွေမျိုးသားချင်းနှင့် အသိမိတ်ဆွေများ၏ နေအိမ်များတွင်လည်းကောင်း နေအိမ်းငှားရမ်း၍ လည်း ကောင်း အိမ်ထောင်စုစာရင်းမရှိဘဲ နေထိုင်ကြသူများကို သာမာန်ရွှေ့ပြောင်းနေထိုင်သူများဟု သတ်မှတ်ထားပြီး အစိုးရဌာန၊ သစ်တောကြိုးဝိုင်း၊ စည်ပင်၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ စီမံကိန်း၊ သာသနာ့နှင့် ပုဂ္ဂလိကပိုင်မြေ မြေနု ကျွန်း၊ မီးရထားလမ်း၊ ကားလမ်းဘေး စသည့်နေရာများနှင့် အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုထားခြင်းမရှိသည့် မြေနေ ရာပေါ်တွင် ဝင်ရောက်နေထိုင်သူများ မူလနေဒေသမှ အလုပ်အကိုင်ရှိသည့်ဒေသ ပင်လယ် မြစ်ချောင်းစသည့် ဒေသတွင် ကြုံရာကျဘမ်း ရွှေ့ပြောင်းလုပ်ကိုင်နေသူများကို ယာယီရွှေ့ပြောင်းနေထိုင်သူများဟု သတ်မှတ်ထား သည်။

မွန်ပြည်နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနစာရင်းအရ မွန်ပြည်နယ်အတွင်း ကိုင်ဆောင်လက်မှတ်မရှိသည့်ရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းလူဦးရေ ၁၂၀၀၀ ကျော်ရှိသည်ဟု ဖော်ပြထားပြီး ၂၀၁၄ သန်းခေါင်စာရင်းမှာတော့ မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းအလုပ်သမားဦးရေ ၃ သိန်း ၄ သောင်းကျော် ရှိသည်ဟု ဖော်ပြထားသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.