ပေါင်၊ ဇူလိုင် ၁၂

ချောင်းအတွင်းတွင် ဒိုင်းကွင်းဖြင့် ငါးဖမ်းနေကြသဖြင့် လယ်ကွက်များ ရေနစ်မြုပ်နေရခြင်းဟု ဆိုကာ ငါးဖမ်းနေသူများအား လယ်သမားများက စုပေါင်းတိုင်ကြားထားကြောင်း သိရသည်။

fisher-poung

ထန်းပင်ချောင်ကြီးကျေးရွာ ခရွတ်ချောင်းနှင့် ပြည်တော်သာချောင်းများတွင် ဒိုင်းကွင်းထောင်ပြီး ငါးဖမ်းနေသူ (၆) ဦးခန့်ရှိနေပြီး ရေစီးရေလာစနစ်ပျက်ဆီးကာ လယ်ကွက်များအတွင်း ရေကြီးပြီး စပါးပင် များပျက်ဆီးနေရကြောင်း တိုင်ကြားထားသူ လယ်သမားတစ်ဦးကပြောသည်။

“မနှစ်တုန်းကလည်း ဒိုင်းကွင်းထောင်တဲ့သူတွေကြောင့် လယ်တွေရေကြီးပြီး စပါးတွေပျက်ဆီးပြီးပြီ ဒိုင်းကွင်းထောင်တဲ့သူတွေက ကျေးရွာပြည်သူ့စစ်ကလူတွေပါ။ ပြည်တော်သာချောင်းထဲမှာထောင်တဲ့သူတွေက ကိုအောင်ချစ်နဲ့ ကိုပြည်တော်ညွန့်တို့ပါတယ်”ဟု ကွင်းအမှတ် ၈၁၉ တွင် လယ်(၂၇)ဧက လုပ်ကိုင်သူ ဦးလှဝင်း က သံလွင်တိုင်းမ်သို့ ပြောသည်၊

ထို့အတူ ခရွတ်ချောင်းထဲတွင်လည်း မောင်ကြင် ဆိုသော သူက ယခင်နှစ်က ဆည်ခံငါးဖမ်းခဲ့သဖြင့် လယ်သမား စုပေါင်းပြီး ၎င်း၏ဆည်တမံကို ဖျက်ဆီးခဲ့ကြသော်လည်း ယခုနှစ်တွင် ဒိုင်းကွင်းထောင်၍ ငါးဖမ်း နေသဖြင့် အနီးပတ်ဝန်းကျင်မှလယ်များ ရေကြီးနစ်မြုပ်နေရသည်ဟုလည်း လယ်သမားတစ်ဦးက ယခုလို ပြောသည်။

“မောင်ကြင်က မနှစ်ကလည်း ဆည်ခံတယ်။ ဒီနစ်ကျတော့ ဒိုင်းကွင်းထောင်တယ်။ သူ့ထောင်ထားတဲ့ ပိုက်တွေကိုလယ်သမားတွေက စုပေါင်းသိမ်းပြီးတော့ မနှစ်တုန်းကကျေးရွာအုပ်ချုပ်ရေးမှုးကိုသွားအပ်ကြပေမဲ့ ပြန်ပေးလိုက်တယ်။ အခု လောလောဆယ်တော့ လွှတ်တော်ကိုယ်စားလှယ်ကိုတိုင်ထားတယ် ပြီးတော့ မြို့နယ် ကိုလည်းတိုင်ထားတယ်”ဟု ကွင်းအမှတ်(၈၂၃-ခ)တွင် လယ်လုပ်ကိုင်သူ ဦးအောင်က ပြောသည်။

ချောင်းအတွင်း ဒိုင်းကွင်းထောင်ငါးဖမ်းသူများကြောင့် လယ်မြေများတွင် ရေကြီးနစ်မြုပ်ပျက်ဆီးနေခြင်း ကိစ္စဖြေရှင်းဆောင်ရွက်မှုအား ဇူလိုင်လ(၁၁) ရက်နေ့က ထန်းပင်ချောင်ကြီးကျေးရွာအုပ်ချုပ်ရေးမှုး ဦးမြင့်နိုင်ကို သွားရောက်မေးမြန်းခဲ့ရာ “သူတို့က ကျွန်တော့ကိုလာမပြောကြဘူး။ လာပြောလို့ သိရင် ဘယ်အဖြစ်ခံပါ့မလဲ။ သူတို့ လာတိုင်ရင် ကျွန်တော်ဖယ်ရှားခိုင်းမှာပါ။ လယ်သမားထိခိုက်မဲ့ကိစ္စဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ဖယ်ပေး ခိုင်းသွားမှာပါ”ဟု ပြောဆိုခဲ့သည်။

ပေါင်မြို့နယ်အတွင်း စပါးနှင့် ငါးပြဿနာများ ဖြစ်ပွားနေသဖြင့် မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီး တစ်ဦးအပါအဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာညွှန်ကြားရေးမှုးများကိုယ်တိုင် ထန်းပင်ချောင်လေးကျေးရွာနှင့် ညောင်ကုန်းကြီး ကျေးရွာများသို့ကွင်းဆင်းသွားရောက်ပြီး ဖြေရှင်းခဲ့ခြင်းများရှိခဲ့သည်။

သတင်း – ဝရဇိန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.