ရေး ၊ ဇူလိုင် ၄

ရေးမြို့နယ်အတွင်း တရားမဝင်ဆေးဝါးများ၊ စပ်ဆေးများနှင့်၊ ဆေးဝါးအတုများ စစ်ဆေးတွေ့ရှိပါက ပညာ ပေးကာလပြီးမြောက်သွားပြီဖြစ်သဖြင့် ယနေ့မှစတင်ကာ တစ်ပတ်ပြည့်မြောက်သည့်နေ့မှ စစ်ဆေး အရေးယူ သွားမည်ဖြစ်သည်ဟု ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွှန့်က ပြောသည်။

ye-medic-check

ရေးမြို့နယ်အတွင်း ဆေးဆိုင်ပေါင်း ၈၆ ဆိုင်နှင့် ဇူလိုင်လ ၄ ရက်နေ့၊ နံနက်ပိုင်းက ရေးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဌာနတို့တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

“ ဒီနေ့အခမ်းအနားက အရေးကြီးပါတယ်။ အရေးယူတော့မယ်ဆိုတဲ့အကြောင်း အတိုချုပ်ပြောတာပါ၊ အရေး ယူတော့မယ် ဆေးဝါးအတု၊ ရက်လွန်တဲ့ဆေးဝါးတွေ၊တရားမဝင်ဆေးဝါးတွေ၊ စပ်ဆေးတွေ ဆိုင်ကတွေ့တယ် ဆိုရင် မီဒီယာနဲ့တကွ မှတ်တမ်းတင်ထားမယ်။ အသိပေးတာမဟုတ်တော့ဘူး။ သတိပေးတာဖြစ်သွားပြီ။ အသိ ပေးတဲ့ကာလ လွန်သွားပြီ။ ကျန်တဲ့ပြည်နယ်တိုင်းတွေမှာလဲ လုပ်နေပြီ။ ဆိုင်တိုင်းနီးပါးလောက်နီးနီးမသွား နိုင် ပေမယ်လို့ တော်တော်များများကို စစ်ဆေးရမှာဖြစ်ပါတယ်။ တစ်ပတ်အချိန်ပေးပါမယ်။ ဖမ်းတော့မှာပါ ” ဟု ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က ပြောသည်။

မြို့နယ်များအနေဖြင့် ဆေးဆိုင်များတွင် သတ်မှတ်စည်းကမ်းချက်များ လိုက်နာမှုမရှိပဲ ဖောက်ဖျက်ပါက ပညာ ပေး မရှိတော့ပဲ အမျိုးသားဆေးဝါးဥပဒေပုဒ်မ(၁၁)တွင် ပြဋ္ဌာန်းထားသည့်အတိုင်း လိုင်စင်ကာလကို သတ်မှတ် ချက်ဖြင့် ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းကို တိကျစွာ အရေးယူဆောင်ရွက်နိုင်ရန်၊ ဆေးဝါအတု၊ တရား မဝင်ဆေး ဝါး၊ သက်တမ်းလွန်ဆေးပါး(ဖျက်စီးဆေးဝါး)များရောင်းချခြင်းကို တွေ့ရှိပါက ဈေးကွက်မှချက်ချင်း ရုပ်သိမ်း၍ အမျိုးသားဆေးဝါးဥပဒေအရ တရားစွဲဆိုနိုင်ပါရန် ထပ်ဆင့်ပေးပို့အကြောင်းကြားအပ်ပါကြောင်း ပြည်နယ်အစား အသောက်နဲ့ ဆေးဝါးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ညွှန်ကြားချက်ပေးထားသည်ဟု ရေးမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာမေးစန်းချိုက ပြောသည်။

“ ပြီးခဲ့တဲ့ တစ်လလောက်တုန်းက ပြည်နယ် FDA အဖွဲ့ရဲ့က ရှင်းလင်းပွဲလုပ်ပြီးသွားပြီ။ ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုမြှင့်တင်နိုင်အောင်အာနိသင်ပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းတဲ့ဆေးဝါးတွေ ပိုမိုရရှိနိုင်အောင် ပြည်နယ်/တိုင်းဒေသရှိ လက်လီလက်ကားဆေးဆိုင်များကို သက်ဆိုင်ရာတာဝန်ရှိသူများက (၄)လတစ်ကြိမ် ပုံမှန်ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားထားပါတယ်။ ဆေးဝါးအတု၊ စံမမှီဆေးဝါးတွေ့ရှိပါက ပညာပေးကာလမဟုတ်တဲ့အတွက် ဥပဒေပါပြဋ္ဌာန်းချက်အရ အရေးယူရန်လိုအပ်ပါကြောင်း အကြောင်းကြား ထားပါတယ် ” ဟု ရေးမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာမေးစန်းချိုက ဆေးဆိုင်လုပ်ငန်းရှင် များနှင့်တွေ့ဆုံစဉ် ပြောသည်။

ဆေးဆိုင်လိုင်စင်လျှောက်မည်ဆိုပါက တာဝန်ယူမည်သူ့အနေဖြင့် ဘွဲ့ရပြီးသားဖြစ်ရမှာဖြစ်ကြောင်း၊ ဆေးများ ထားသို့မည့်စနစ်၊ လေဝင်လေထွက်ကောင်းသည့်နေရာ၊ သတ်မှတ်ထားသည့်အပူချိန်အတိုင်းထားရန်လိုအပ်ပါ ကြောင်း၊ ပိုးသတ်ဆေးကဲ့သို့ ဆရာဝန်ညွှန်ကြားချက်နှင့် ပေးရမယ့်ဆေးများအား ဆရာဝန်လက်မှတ်ပါမှသာ ရောင်းချလို့ရမှာဖြစ်ကြောင်း။ ဆရာဝန်ညွှန်ကြားချက်နှင့် ရောင်းချရမည့်ဆေးတွေကို ရောင်းမည်ဆိုပါက ၎င်း ဆရာဝန်၏နာမည်၊ မည်သည့်လူနာကိုပေးသည်၊ ရက်အတိုင်းအတာဘယ်လောက်အထိပေးသည်၊ ၎င်းဘောက် ချာများကိုပါဆေးဆိုင်က သိမ်းထားရမည်ဟု ညွှန်ကြားချက်ထုတ်ထားပါကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ တရားမဝင်ဆေးများကို တစ်ပတ်အတွင်းဖမ်းဆီးမယ်ဆိုတဲ့အနေအထားအရ အသိပေးပညာပေးလက်ကမ်း စာစောင်များနဲ့ သိသာထင်ရှားစေသော ဆေးဝါးရဲ့လိုင်စင်အမှတ်အသားများကို ကျွန်တော်တို့ဆေးဆိုင်တွေကို တိတိကျကျသိရှိအောင်လုပ်ပေးရမယ်၊ ဆေးဝါးဆိုးတဲ့နေရာမှာ အမျိုးအစားမြောက်များစွာရှိနေတဲ့အတွက် ဒီလိုင်စင်မဲ့တရားမဝင်ဆေးဝါးတွေကိုလဲ ကျွန်တော်တို့ပြည်သူတွေက လွယ်ကူစွာနဲ့ မသုံးစွဲနိုင်ဖို့ကိုလည်း မြို့နယ်မှာရှိတဲ့ တာဝန်ရှိဝန်ထမ်းများက ကူညီဆောင်ရွက်အသိပေးရမယ်။ ပြီးတော့ တရားမဝင်ဆေးဝါး တင်ပို့ တဲ့ ကုန်သည်များကိုလဲ ရေးမြို့နယ်အတွင်း မရောက်ရှိအောင် တာဝန်ရှိသူတွေက အဆင့်ဆင့်တားဆီးပေးရ မယ်။ ကျေးရွာမှာရှိတဲ့ ဆေးဆိုင်အများစုက ဆေးဆိုင်ကြီးများမှ ဝယ်ယူပြီးရောင်းချခြင်းများပြုလုပ်ရတဲ့အတွက် ဂရုတစိုက် သေချာစွာစစ်ဆေးဖို့လိုအပ်မယ်။ ဆေးဆိုင်အများစုကလည်း တရားဝင်ဆေးဝါးများကိုသာ ပြည်သူ တွေအတွက် လွယ်လွယ်ကူကူ သက်သက်သာသာ ရောင်းချနိုင်ရေးအတွက် ကိုလဲ တာဝန်ရှိကျန်းမာရေးဌာန အပိုင်းက ဆောင်ရွက်ပေးနိုင်ဖို့ တိုက်တွန်းလိုပါတယ်။ ” ဟု ကျောင်းရွာကျေးရွာနေ ဦးမင်းသိန်းဟန်ဆေးဆိုင်မှ ဦးအောင်သိုက်လင်းက သံလွင်တိုင်းမ်သို့မှတ်ချက်ပြုသည်။

အမျိုးသားဆေးဝါးဥပဒေအရ ပုဒ်မ ၁၅။ (က) ပါ မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါး၊ မှတ်ပုံတင်ခေတ္တရုပ်သိမ်း ခြင်း၊ ပယ်ဖျက်ခြင်းပြုလုပ်ထားသောဆေးဝါး၊ ဆေးဝါးအတု၊ စံမညီဆေးဝါး၊ ပျက်စီးဆေးဝါး၊ ရောနှောဆေးဝါး များ၊ ဘေးဥပဒ် ဖြစ်စေနိုင်သည့်ပစ္စည်းများဖြင့်ဖော်စပ်ထုတ်လုပ်ထားသည့်ဆေးဝါးများနှင့် ကျန်းမာရေးဝန်ကြီး ဌာနက သုံးစွဲရန်မသင့်ဟုအမိန့်ကြေငြာစာထုတ်ပြန်၍ သတ်မှတ်ထားသောဘေးအန္တရာယ်ရှိသည့်ဆေးဝါးများကို ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်းနှင့် သိုလှောင်ဖြန့်ဖြူးခြင်းတို့ပြုလုပ်ပါက ငွေ ဒဏ်အနည်းဆုံးငါးသောင်းကျပ်မှ ငါးသိန်းကျပ်အထိလည်းကောင်း၊ ထောင်ဒဏ် (၇)နှစ်အထိလည်းကောင်း၊ ဒဏ်နှစ်ရပ်လုံးအဖြစ်လည်းကောင်း ကျခံရမည်ဟု ဖော်ပြထားသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.