အများဆုံးကတော့ သွားဖုံးရိုးယောင်ယမ်းတဲ့ရောဂါပေါ့၊ နောက် သွားတွေပွန်းပါးတဲ့ရောဂါ အတော်များ တယ်။ သွားဖုံးယောင်တယ်။ ထုံးပေါက်တယ်။ အဲဒီကနေပြီးတော့မှ ပါးတွေယောင်တယ်။ မျက်နှာတွေယောင် ယမ်းလာတယ်။ အဲဒီထက်ဆိုးသွားရင် အကြိမ်ကြိမ်ဖြစ်လာရင် ဒါ သွားတွေဆုံရှုံးကုန်မယ်ပေါ့၊ ကင်ဆာဖြစ်လာ ရင်တော့ အသက်အန္တရာယ်ဖြစ်လာပြီပေါ့

Untitled-1

ကွမ်းစားမှုလျှော့ချရေးအတွက် နိုင်ငံတော်မှ တိုက်တွန်းနေပြီး ပြည်နယ်အတွင်း လျှော့ချဖို့ခက်ခဲနေတဲ့ ကွမ်းစား ခြင်းအခြေအနေ၊ ဖြစ်ပွားနိုင်သည့်ရောဂါများကို ရေးမြို့ပြည်သူ့ဆေးရုံမှ သွားနှင့်ခံတွင်း အထူးကုဆရာဝန် ဒေါက်တာကင်းရှိန်နှင့် တွေ့ဆုံမေးမြန်းသည်များကို ဖော်ပြလိုက်ရပါသည်။
ဒေါက်တာကင်းရှိန်၊ အထူးကုဆရာဝန် (သွားနှင့်ခံတွင်း) (ရေးမြို့ပြည်သူ့ဆေးရုံ)နှင့်တွေ့ဆုံခြင်း
တွေ့ဆုံမေးမြန်းသူ – ရဲနိုင်ဦး

မေး – လူတွေ ကွမ်းယာစားသုံးမှုအလေ့အထနဲ့ပတ်သက်ပြီး ပြောပြပေးပါဆရာ။
ဖြေ – ကွမ်းစားတဲ့ဓလေ့၊ ကွမ်းစားတဲ့အကျင့်က တော်တော်ကြာပြီ၊ ဟိုး ရှေးမြန်မာမင်းတွေလက်ထက်က စဖြစ်လာတာပေါ့၊ တကယ်တော့ ကွမ်းစားတယ်ဆိုတာက ဆရာသုမောင်ရေးတာရှိတယ်လေ ““ကွမ်းစကား”” ဆိုတာ ကွမ်းစားတာက အရည်မရ၊ အဖတ်မရတဲ့အလုပ်တစ်ခုပေါ့၊ အရည်ကိုလဲ ထွေးထုတ်ရတယ်၊ အဖတ် ကိုလည်း ထွေးထုတ်ရတယ်။ အဲဒီလိုမျိုးဖြစ်တဲ့အခါကျတော့ ပတ်ဝန်းကျင်ကိုလဲ ညစ်ပတ်စေတယ်။ ဟိုးအရင် မြန်မာမင်းတွေလက်ထက်မှာလဲ ရှိခဲ့တယ်လေ၊ နန်းတော်လိုနေရာတိုင်တွေမှာ လက်ညှိုးနဲ့သုတ်တာကို ဘုရင် ကစိတ်ဆိုးပြီးတော့ ထုံးသုတ်တဲ့သူကို လက်ညှိုးကိုဖြတ်ဖို့တောင် အမိန့်ထုတ်ရတဲ့အထိဖြစ်ခဲ့တာ။ ကွမ်းစားသုံး တဲ့ လူဦးရေက များလာတယ်။ အသက်ပိုင်းခြားနဲ့ကြည့်ပြန်တော့လဲ ငယ်ငယ်ရွယ်ရွယ်လေးတွေပါ ပါလာတယ်။ ကျောင်းသားအရွယ်လေးတွေလဲ ပါလာတယ်။ ရှေးခေတ် ကျွန်တော်တို့ဘိုးဘွားတွေလက်ထက်တုန်းက ကွမ်း စားတယ်ဆိုတာက ပိုက်ဆံမကုန်ဘူးပေါ့၊ ကိုယ့်အိမ်မှာပဲ ကွမ်းအစ်လေးနဲ့ပဲစားကြတာလေ၊ ခုက ကွမ်းယာဆိုင် ယဉ်ကျေးမှုတစ်ခုလိုဖြစ်လာတယ်။ ရှေးခေတ်နဲ့မတူတော့ဘူး။

မေး – လူတွေက ကွမ်းကို ဘာကြောင့်စားရလဲဆရာ။
ဖြေ – လေ့လာရသလောက်တော့ တော်တော်များများက သွားနဲ့ခံတွင်းကျန်းမာရေးကောင်းတယ်ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့စားကြတယ်၊ တချို့ကျတော့ ပါးစပ်ချဉ်ချင်းတပ်တယ်ဆိုပြီးစားကြသလို တချို့ကျတော့ ပါးစပ် အနံ့နံမှာစိုးလို့ စားကြတယ်။ နောက် အိပ်ချင်ပြေသဘောမျိုး။ ဥပမာ – ကားမောင်းရင် အိပ်မငိုက်အောင်ဆိုလို့ စားကြတာလဲရှိတယ်။ သွားကို ကောင်းစေတဲ့ဆိုတဲ့အယူအဆတချို့က ကွမ်းမှာပါတဲ့ ဆေးရွက်ကြီးကို အားကိုး ကြတယ်၊ သွားပိုးကိုနိုင်တယ်။ သွားပိုးမစားဘူးလို့ ထင်ကြတယ်၊ အမှန်တကယ်ပြောရရင် သွားပျက်ရတဲ့ အကြောင်းအရင်းက သွားပိုးစားရောဂါလို့ဆိုသော်ငြားလဲပဲ သွားပိုးက မရှိဘူး၊ သွားပိုးကိုစွဲလမ်းပြီး သွားပိုးမရှိ အောင်စားတာက မှားနေတယ်။ ဒီတော့ ကွမ်းစားတဲ့အတွက်ကြောင့် သွားနဲ့ခံတွင်းကျန်းမာရေးက အထောက် အကူမဖြစ်စေနိုင်ပါဘူး။

မေး – ကွမ်းစားပြီးတော့ ရရှိလာတဲ့ဆိုးကျိုးတွေက ဘာတွေဖြစ်လာမလဲဆရာ။
ဖြေ – ကွမ်းက မာတော့ မာမာကို ကြာကြာဝါးတော့ သွားတွေက ပွန်းပြီးပါးလာတယ်။ သွားတွေကျဉ်တယ်၊ သွားနာတယ်။ နောက်တစ်ခုက သွားကြားထဲကို ကွမ်းတွေညှပ်တဲ့အခါကျတော့ ရေစီးကမ်းပြိုရောဂါ သွားဖုံး ရောဂါ သွားဖုံးရိုးတွေပျက်စီးတဲ့ရောဂါတွေရမယ်။ အချောင်းရေများ သွားရင်တော့ ရေစီးကမ်းပြိုဖြစ်တာပေါ့။ နောက် ခံတွင်းကင်ဆာဖြစ်နိုင်တယ်။ အစာရေပြွန်ကင်ဆာဖြစ်နိုင်တယ်။ ကွမ်းစားတာနဲ့ ကင်ဆာနဲ့က ကွမ်းစား တဲ့သူအားလုံးတော့မဖြစ်ဘူးပေါ့၊ ဒါပေမယ့် တော်တော်များများကတော့ ကွမ်းစားကနေပြီးတော့ပဲ ဖြစ်သွားကြ တယ်။ ခံတွင်းကင်ဆာ တော်တော်ဖြစ်တဲ့အထဲမှာ ကွမ်းစားတာကြောင့်ဖြစ်တာလဲ အကြောင်းအရင်းတစ်ခုပါပါ တယ်။ စားတဲ့နေရာမှာလဲ မြန်မာဆေးကိုထည့်တယ်။ ဒီဆေးက အရက်နဲ့ပေါင်းထားတယ်။ အဲဒီတော့ အရက် ရယ် မြန်မာဆေးရယ်ပေါင်းထားတဲ့အခါကျတော့ ခံတွင်းသားတွေကို ပိုပြီးတော့ ထိခိုက်ပျက်စီးစေနိုင်တယ်။ နောက် ထုံးကို တစ်ချို့က အမျိုးမျိုးစပ်ကြတယ်၊ ကွမ်းစားဖူးတဲ့လူအတော်များများက ထုံးပေါက်တာကို ခံရဖူး တယ်။ ထုံးပေါက်တယ်ဆိုတာက ဒါ ခံတွင်းသား လောင်ကျွမ်းသွားတာပဲ။ အဲဒါတွေကလဲ ခံရခက်တဲ့ဝေဒနာ ဖြစ်သလို ဖြစ်ပါများရင်သူလဲ ကင်ဆာ အထိဖြစ်သွားနိုင်တယ်။ ကွမ်းကြီးပဲမဟုတ်ဘူး၊ တစ်ချို့ ဆေးရွက်ကြီး ငုံတဲ့ပြဿနာလဲရှိတယ်။ အဲဒါလဲ ကင်ဆာဖြစ်စေနိုင်တယ်။ အိန္ဒိယကနေသွင်းလာတယ် 92 တို့၊ ဆီကနဲတို့ ဒါတွေဟာ သူတို့ထုတ်လုပ်ထားတဲ့အနေအထားအရ နှလုံးကို တုန်စေနိုင်တယ်။ စွဲလမ်းမှုကို ပိုပြီးတော့ ဖြစ်စေ နိုင်တယ်။ နောက် ကွမ်းကို သဘာဝအတိုင်းမဟုတ်ပဲ ပေါင်းကြတယ်။ ကွမ်းသီးကို မဆွေးရအောင် ကြာကြာ အထားခံဖို့ဆိုပြီးတော့ ဓါတုဆေးဝါးတွေသုံးလာကြတယ်။ ဒါတွေလဲ အန္တရာယ်ဖြစ်လာတာပေါ့နော်။

မေး – နိုင်ငံတော်အစိုးရအနေနဲ့ ကွမ်းစားသုံးမှုလျှော့ချရေးဆောင်ရွက်နေမှုနဲ့ပတ်သက်ပြီးတော့ ဆရာ့အမြင် လေးပြောပေးပါ။
ဖြေ – ကွမ်းစားပစ္စည်းတွေကို ပြည်ပနေတင်သွင်းရတယ်။ ဒီလိုမျိုး ကျန်းမာရေးအနေနဲ့ကြည့်ရင်လဲ မကောင်း ဘူး။ နောက်တစ်ခုက ကွမ်းစားတဲ့သူရဲ့ ဝင်ငွေက မလိုအပ်ပဲနဲ့ထွက်နေတယ်။ ဒါကို အကျိုးရှိတဲ့ မိသားစုလို နေရာမှာသုံးလို့ရတာပေါ့။ တစ်နေ့ခြင်းဆိုမသိသာပေမယ့် လနဲ့ချီလာရင် တော်တော်လေး သိသာတဲ့ပမာဏဖြစ် လာတယ်။ ဒါကို အစိုးရအနေနဲ့ ရက်(၁၀၀)စီမံချက်မှာ ကွမ်းနဲ့ပတ်သက်ပြီးတော့ အသိပေးလိုက်သလိုပေါ့၊ သွင်းကုန်ထုတ်ကုန်အရဆိုလဲ သူများနိုင်ငံက ကွမ်းစားဆေးတွေသွင်းရတယ်။ ဒါတွေကိုလဲ သတိထားမိသွား တာပေါ့၊ ဒီလိုမျိုး အမှုမဲ့အမှတ်မဲ့နဲ့ ကွမ်းစားတဲ့သူတွေက များလာတယ်။ ပြီးရင် ကွမ်းတံတွေးကို တွေ့ကရာ ထွေးတဲ့ ပြဿနာတွေဖြစ်လာတယ်။ ညစ်ပတ်တယ်ပေါ့၊ လူတွေက အစိုးရက ခုလို အသိပေးသတိပေးလိုက် တော့ အသိတွေက ရှိလာကြတယ်။ အသိရသွားတော့ ဒီအသိတရားအပေါ်မူတည်ပြီးတော့ ဖြတ်လာကြတယ်။ ပြတ်သွားတဲ့သူတွေလဲ ရက်ပိုင်းအတွင်းမှာ အတော်များများတွေ့လာရတယ်။ ပြတ်သွားတဲ့အတွက် ဝန်ထုပ်ဝန် ပိုးတွေ ပေါ့ပါးသွားတယ်။ နောက် ဒီကွမ်းယာထုတ်ကြီးကိုင်ရတယ်၊ ကွမ်းတံတွေးဖို့ အခက်အခဲတွေရှိတယ်။ ပစ်စလတ်ခတ်ထွေးတဲ့သူတွေကတော့ တစ်မျိုးပေါ့လေ၊နေရာရွေးရဘာရ အဆင်မပြေဘူး၊ အရည်မရမဖတ်မရ၊ ဒါတွလျော့သွားတယ်။

မေး – ဆရာ့အတွေ့အကြုံအရပေါ့လေ၊ ဆရာလဲ အရင်တုန်းကကွမ်းစားခဲ့ဘူးတယ်လို့သိရတယ်။ ဆရာကွမ်းကို ဘယ်လိုများ ဖြတ်ခဲ့ရပါသလဲ။
ဖြေ – ကျွန်တော်တို့အနေနဲ့ကတော့ အကျင့်ပဲပေါ့၊ အစတုန်းကတော့ ဘာရယ်မဟုတ်ဘူး သူများစားလို့ တစ်ရာ လေးနှစ်ရာလေး စစားရကနေပြီးတော့ တဖြည်းဖြည်းအကျင့်ဖြစ်လာပြီး စွဲလန်းမှုဖြစ်လာတယ်။ ကိုယ်ကစလိုက် တဲ့ ဇာတ်လမ်းဖြစ်တော့ ကိုပဲ အဆုံးသတ်ရတာပဲ။ ဖြတ်လိုက်တဲ့အခါမှာ သိပ်အခက်အခဲတော့မရှိပါဘူး။ ကွမ်း မစားဖြစ်အောင် သတိတော့ ထားနေရတာပေါ့။ရက်ပိုင်း၊ လပိုင်းလောက်သတိထားလိုက်တာနဲ့ ပြတ်သွားတယ်။ ကျွန်တော်တို့လဲ ကွမ်းကို စွဲစွဲလန်းလန်းဖြစ်ခဲ့တာပဲ၊ ဒါပေမယ့် ဖြတ်ချင်တဲ့စိတ်ရှိတော့ သိပ်ခက်ခဲမှုတော့ မရှိပါ ဘူူး။ ခုခေတ်လူတွေက စာတတ်ကြပြီလေ၊ ကွမ်းစားနေတာက ကျောင်းသားတွေ၊ ဘွဲ့ရတွေ၊ ပညာတတ်တွေ အကုန်လုံးပါလာပြီ၊ လူတန်းစားမရွေးတော့ဘူး၊ ကိုယ်စားနေတဲ့ကွမ်းက ကောင်းမကောင်း ဆိုတာကတော့ ဇယားလေးနဲ့ ကွမ်းရဲ့ကောင်းကျိုးရှိရင် ရေးကြည့်၊ ဆိုးကျိုး ထင်တာလေးတွေရေးကြည့် ယှဉ်ကြည့်လိုက်ရင် သိမှာပေါ့။

မေး – ကျန်းမာရေးအရ ထင်သာမြင်သာရှိတဲ့ ကွမ်းရဲ့အန္တရာယ်က ဘာတွေများရှိမလဲဆရာ။
ဖြေ – အများဆုံးကတော့ သွားဖုံးရိုးယောင်ယမ်းတဲ့ရောဂါပေါ့၊ နောက် သွားတွေပွန်းပါးတဲ့ရောဂါ အတော်များ တယ်။ သွားဖုံးယောင်တယ်။ ထုံးပေါက်တယ်။ အဲဒီကနေပြီးတော့မှ ပါးတွေယောင်တယ်။ မျက်နှာတွေယောင် ယမ်းလာတယ်။ အဲဒီထက်ဆိုးသွားရင် အကြိမ်ကြိမ်ဖြစ်လာရင် ဒါ သွားတွေဆုံရှုံးကုန်မယ်ပေါ့၊ ကင်ဆာဖြစ်လာ ရင်တော့ အသက်အန္တရာယ်ဖြစ်လာပြီပေါ့။ တချို့ကတော့ ကွမ်းသီးစိတ်လေးပဲ ဝါးတယ်။ စားတယ်။ ဒါပေမယ့် မစားတာတော့ အကောင်းဆုံးပါပဲ။ ခံတွင်းသားမာဆတ်တာ၊ ခံတွင်း၊ လည်မျိုကင်ဆာ၊ သွားဖုံးယိုးယောင်ယမ်း ပျက်စီးတာ၊ သွားမြစ်ပေါ်လာတာ၊ ဆီးချိုကြောင့်ဖြစ်တဲ့ သွားဖုံးရောဂါတွေကို ပြင်းထန်စေတာ၊ အရသာပျက် တာ၊ လေပွတာ၊ ပန်းနာရင်ကြပ်ကို ပိုမိုဆိုးရွားစေတာဖြစ်စေပါတယ်။

မေး – ကွမ်းသီးကွမ်းရွက်နဲ့ပတ်သက်ပြီးတော့ စီးပွားဖြစ်တွေလုပ်ကိုင်လာကြတယ်။ ခု ကျန်းမာရေးအရရော ပတ်ဝန်းကျင်အနေအထားအရပါ အသိတရားတွေ ရှိလာကြတော့ သူတို့အနေနဲ့စီးပွားရေးထိခိုက်သွားနိုင်မလား ဆရာ။ ဆရာ့အမြင်လေးပြောပြပေးပါ။
ဖြေ – ကွမ်းသီးက အမှန်တကယ် စားတဲ့နေရာမှာ ဒီလောက်ထိလဲ အများကြီးထည့်စားတာတော့မဟုတ်ဘူး။ ကွမ်းသီးအကုန်လုံးကို စားလိုက်တာအတွက်တော့ မယူဆပါဘူး။ တစ်ခြားကွမ်းသီးနဲ့ပတ်သက်တဲ့ အသုံးပြုတာ တွေ၊ လူသားအကျိုးပြုတွေထုတ်လို့ရတာတွေလဲရှိမှာပါ၊ ကွမ်းရွက်အနေနဲ့လည်း သူ့ဟာနဲ့ သူတစ်ခြားအကျိုးပြု တာတွေဖြစ်တဲ့ တိုင်းရင်းဆေးလုပ်တာတွေရှိနေတာပဲ၊ ကွမ်းယာမစားလဲ ကွမ်းနဲ့ ကွမ်းရွက်စိုက်ပျိုးသူတွေ အနေနဲ့ ထိခိုက်မလာနိုင်ပါဘူး။

မေး – နောက်ဆုံးအနေနဲ့ ကွမ်းယာစားသုံးခြင်းနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေကို နောက်ထပ်ဘာများပြောချင် ပါသေးလဲဆရာ။
ဖြေ – ကွမ်းဟာ မိမိနဲ့ မိမိ မိသားစုအတွက်၊ ကျန်းမာရေးအတွက် ကောင်းလား၊ မကောင်းလားဆိုတာ အကျိုးရှိ/ မရှိ အချက်အလက်တွေထုတ်ပြီး ကောင်းကျိုးဆိုကျိုးတွေ နှိုှုင်းယှဉ်ကြည့်ပေါ့၊ အကျိုးမပြု၊ မကောင်းဘူးဆိုရင် လဲ ဖြတ်ချင်တဲ့စိတ်ဖြစ်အောင် မွေးရမှာပေါ့၊ ဖြတ်ရမှာပေါ့၊ ထွေထွေထူးထူး ဖြတ်စရာမလိုပါဘူး။ စိတ်ပါပဲ၊ ပတ်ဝန်းကျင်လဲ ကောင်းသွားမယ်။ ကွမ်းက ကိုယ့်အပေါ်လွှမ်းမိုးထားတဲ့ ဝန်ထုပ်ဝန်ပိုးသက်သာသွားမယ်။ မိသားစုအတွက် ပတ်ဝန်းကျင်အတွက်ကောင်းသွားမယ်ပေါ့။

ခုလိုဖြေကြားပေးတဲ့အတွက် သံလွင်တိုင်းမ်ကိုယ်စား ကျေးဇူးတင်ပါတယ်ဆရာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.