မုဒုံ ဇူလိုင် ၅

မုဒုံမြို့နယ်အတွင်းရှိ ညောင်ကုန်းကျေးရွာ၊ အလယ်ပိုင်း နေအိမ်အမှတ်(၆၂၈)တွင် ဇူလိုင်လ(၄)ရက်နေ့ နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

house-burning-mon-state
“အဲဒီ မီးစတင်လောင်ကျွမ်းတဲ့ အိမ်မှာရှိတဲ့အဘိုးအိုက ဆန်ပြုတ်အိုးကို မီးဖိုပေါ်တင်ထားပြီးအိမ်အောက်မှာ အုန်းဆံကြိုးကျစ်လုပ်နေတယ်၊ မီးဖိုပေါ်ကမီးကျည်ခဲကကြမ်းခင်းပေါ်ပြုတ်ကျပြီး မီးဖိုခန်းမှစလောင်တာပါ။ ကျွန်တော်တို့ဆီ သတင်းရောက်တာက (၁၁း၄၁)လောက်မှာပါ။ မီးလောင်တဲ့နေရာကို မီးသတ်ကား (၂)စီး၊ ရေသယ်ယာဉ်(၂)စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ အရံသတ်ဖွဲ့ဝင်(၁၀)ဦးနဲ့ (၁၁း၅၅)မှာ မီးထိန်းနိုင်ခဲ့ တယ်၊ ၁၂း၀၀ တိတိမှာတော့လုံးဝမီးငြိမ်းသွားတယ်”ဟု မြို့နယ်မီးသတ်ဦးစီးမှူးဦးမြင့်ဦးက သံလွင်တိုင်းမ်ကိုပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် စတင်လောင်ကျွမ်းသော ဦးတင်(၈၈)နှစ်နေအိမ်(ပျဉ်ခင်း၊ပျဉ်ကာ၊ သွပ်မိုးတစ်ထပ်နေအိမ်နှင့် ခြေရင်းကပ်လျက် ဦးလွန်း(၄၅)နှစ်၊လူနေထိုင်ခြင်းမရှိသည့် အောက်ထပ်အုတ်ညှပ်ကာ အပေါ်ထပ်ပျဉ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုးနှစ်ထပ်အိမ်သည်လည်းအပေါ် တစ်ထပ်လုံးမီးကူးစက်လောင်းကျွမ်းခဲ့ကြောင်းတွေ့ရှိရသည်။

ယင်းမီးလောင်ကျွမ်းမှုတွင် မြို့နယ်မီးသတ်နှင့်အတူကျေးရွာနေပြည်သူများဝိုင်းဝန်းမီးငြိမ်းသတ်နိုင်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်းလည်း သိရှိရသည်။

“လက်ရှိမှာက အဲဒီအိမ်မှာအဘိုးကြီး၊အဖွားကြီးနှစ်ယောက်ထဲနေတယ်၊သားသမီးတွေကလည်း ယိုးဒယားသွားနေကြတယ်၊ ခြေရင်းအိမ်ကလည်းလူတစ်ယောက်မှမရှိဘဲအိမ်ပိတ်ပြီးအားလုံး ယိုးဒယားမှာပဲ သွားအလုပ်လုပ်နေကြတယ်”ဟု ရွာခံများကပြောကြသည်။

ယင်းမီးလောင်ကျွမ်းမှုကြောင့် မီးအားပေါ့ဆစွာသုံးစွဲသူ ဦးတင်(၈၈)နှစ်(ဘ)ဦးအေးအား မုဒုံမြို့နယ်မြို့မရဲစခန်းမှ(ပ)၉၉/၂၀၁၆၊ရာဇသတ်ကြီးဥပဒေ၂၈၅အရ အမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းအရသိရှိရသည်။

ယင်းမီးလောင်မှုသည် မုဒုံမြို့နယ်တွင် ၂၀၁၆ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်လောင်ကျွမ်းမှုဖြစ်ပြီး၊ ပထမအကြိမ်အဖြစ် နိုင်လှုံ-လက်တက်ကျေးရွာရှိ ဆိုင်ကယ်ပြင်ဆိုင်၌ ပေါ့ဆမီးကြောင့်မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်းလည်း မြို့နယ်မီးသတ်ဦးစီးဌာနထံမှသိရှိရသည်။

သတင်း – မင်းဥဒါန်း (ပုံပါ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.