မွန်ပြည်နယ်အတွင်းရှိ အသေးစား ရာဘာစိုက်တောင်သူများအတွက် ရာဘာဈေးကွက်ဖော်ဆောင်ပေးသည့် အခွင့်အလမ်း မြှင့်တင်ရေး စီမံကိန်း စတင်အကောင်အထည်ဖော်တော့မည်ဟု စီမံကိန်းတာဝန်ရှိသူတို့ထံမှ သိရသည်။
စီမံကိန်းကို Care Myanmar အဖွဲ့၏ Generating Rubber Opportunities (GRO Myanmar) စီမံကိန်းမှ အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်း စတင်ကြောင်းကို နိုဝင်ဘာ ၁၈ ရက်နေ့က မော်လမြိုင်မြို့တွင် အခမ်းအနားပြုလုပ်ကာ ဒေသခံပြည်သူတွေကို အသိပေးခဲ့သည်။
“Care Myanmar နဲ့ ပတ်သက်ပြီးတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက မွန်ပြည်နယ်မှာ ရာဘာအဆင့်မြင့်လာအောင် လုပ်ဖို့ အစောကြီးကတည်းက ပထမအဆင့်ကတော့ ထုတ်လုပ်တဲ့ရာဘာ အဆင့်မြင့်အောင် ဘယ်လိုလုပ်မလဲ အဲဒီကနေစတာ အဓိက ရာဘာအထွက်တိုးဖို့ အခုစိုက်ထားတာက အထွက်တိုးတဲ့ရာဘာ တော်တော်နည်းတယ်” ဟု မွန်ပြည်နယ် ရာဘာလုပ်ငန်းရှင်များအသင်း ဥက္ကဌ နိုင်ကျန်ရစ်က ပြောသည်။
GRO Myanmar စီမံကိန်းသည် ရာဘာ စစိုက်ရန်အတွက် အာမခံချက်ရှိသည့် မြေကအစ အခြေခံမှစပြီး ရာဘာအရည်အသွေး RSS 1, 2, 3 ထုတ်နိုင်သည့်အခြေအနေထိ အသေးစား ရာဘာစိုက်တောင်သူများပါ ပါဝနိုင်သည့် စီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်ရာမှာလည်း နည်းပညာအပိုင်းကိုသာ ကူညီထောက်ပံ့ပေးခြင်းဖြစ်သည်ဟုလည်း ပြောသည်။
GRO Myanmar သည် ဆင်းရဲနွမ်းပါးသည့် ရာဘာစိုက်တောင်သူများအတွက် ဈေးကွက်ဖော်ဆောင်ပေးသည့် စီမံကိန်းတခုဖြစ်ကာ ရာဘာဈေးကွက်စနစ်အားကောင်းလာပြီး မြန်မာနိုင်ငံ တောင်ပိုင်းရှိ အသေးစားရာဘာစိုက်တောင်သူနှင့် အစေးခြစ်လုပ်သား အမျိုးသား အမျိုးသမီးများ၏ ဝင်ငွေနှင့် အသက်မွေးမှု ဖွံ့ဖြိုးတိုးတက်လာရန် မျှော်မှန်း အကောင်အထည်ဖော်သည့် စီမံကိန်းဖြစ်သည်။
မွန်ပြည်နယ်သည် ရာဘာစိုက်ပျိုးရာ အများဆုံးဒေသတစ်ခုဖြစ်ပြီး အများစုသည် အသေးစားရာဘာစိုက်ပျိုးသူများဖြစ်ပြီး ပြည်နယ်တစ်ခုံလုံး၏ ၈၀ ရာခိုင်နှုန်းခန့်သည် အသေးစားစိုက်ပျိုးသူများဖြစ်သည်ဟု နိုင်ကျန်ရစ်က ပြောသည်။
မွန်ပြည်နယ်တွင် ရာဘာကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြပြီး ပြည်နယ်တစ်ခုလုံးတွင် ရာဘာစိုက်ပျိုးမြေဧက ၅ သိန်းခန့်ရှိပြီး၊ ဧက ၂ သိန်းခန့် ရာဘာထုတ်လုပ်နိုင်သော်လည်း ကုန်ချောထုတ်လုပ်နိုင်သည့် နည်းပညာပိုင်းဆိုင်ရာနှင့် ရင်းနှီးမြုပ်နှံမှုမရှိသည့်အတွက် ပြည်ပသို့ ကုန်ကြမ်းအဖြစ် တင်ပို့နေရသည်။