မွန်ပြည်နယ်တွင် စပါးစိုက်ပျိုးမှု အများစုပြည်နယ်တစ်ခုဖြစ်သည့် မုဒုံမြို့နယ်တွင် ကောက်ရိတ်သိမ်းချိန်တွင် အလုပ်သမားရှားပါးမှုကြောင့် စက်ဖြင့် ဌားရမ်းရိတ်သိမ်းနေရသည်ဟု ဒေသခံ တောင်သူလယ်သမားတို့က ပြောသည်။
မုဒုံမြို့နယ်အတွင်းရှိ ကော့ပရံ၊ ကတုံးပေါ်၊ ဘယ်လောက်ညောင်ဝိုင်းကွင်းများတွင် ကောက်စိုက်စဉ်က အလုပ်သမားရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီး ယခု ကောက်ရိတ်သိမ်းချိန်တွင်လည်း လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟုလည်း ပြောသည်။
“ဒေသခံ လယ်လုပ်သားတွေ တစ်နှစ်ထက်တစ်နှစ် သိသိသာသာရှားလာတယ်၊ အများစုက တဘက်နိုင်ငံကို သွားကြတယ်၊ ရွာမှာရှိတဲ့သူတွေကလည်း လယ်မလုပ်ကြတော့ဘူး၊ လယ်ထက်ကို လက်သမား၊ ပန်းရံတွေလုပ်ကြတယ်၊ မိန်းကလေးဆို စတိုးဆိုင်တွေ၊ ဈေးဆိုင်တွေမှာ အလုပ်ဝင်လုပ်ကြတယ်၊ လယ်အလုပ်က ပင်ပန်းတယ်၊ ငွေရနည်းတယ်လေ” ဟု ကော့ပရံကျေးရွာ မြောက်ပိုင်းနေ ဦးအမှေးက ပြောသည်။
လယ်လုပ်သားရှားပါးသည့်ပြဿနာကို နှစ်စဉ် နှစ်တိုင်း ကြုံတွေ့နေရပြီး၊ ဈေးတိုးပေးသော်လည်း လုပ်သူ မရှိသည့် အနေအထားရှိခြင်း မိုးရွာချလာမည်ကို စိုးရိမ်လာခြင်းတို့ကြောင့် လယ်သမားအများစုက စက်ဖြင့် ရိတ်သိမ်းလာကြသည်ဟု ၎င်းက ပြောသည်။
ယခုနှစ်စပါးရိတ်သိမ်းရာသီတွင် ရိတ်သိမ်းခ တစ်နေ့စာ နံနက် ၆ နာရီမှ ၁၁ နာရီ မွန်းလွဲ ၁ နာရီမှ ညနေ ၅ ခွဲထိ အမျိုးသားလျှင် ၆၀၀၀ ကျပ်နှင့် အမျိုးသမီး ၅၅၀၀ ကျပ်ပေးရကြောင်း စက်ဖြစ် ဌားရမ်းရိတ်သိမ်းပါက ကျန်ကျစရိတ်သည် တစ်ဧကလျှင် ၄၅၀၀၀ ကျပ်ပေးရကြောင်း သိရသည်။
ရိတ်သိမ်းချိန်တွင် စက်ဖြင့် ရိတ်သိမ်းကြသည့်အတွက် နွားစာ ကောက်ရိုးမရ၍ နွားစာအတွက် ကောက်ရိုးပြဿနာကလည်း လယ်သမားများအတွက် ဒွန်တွဲပါလာသည့် ဒုက္ခတစ်ခုလည်း ဖြစ်သည်ဟု လယ်သမားတို့က ပြောသည်။
“လယ်တော်တော်များများ စက်ဌားထွန်၊ စက်ဌားရိတ်နဲ့ နွားစာ ကောက်ရိုးလည်း တစ်လည်း ၆၀၀၀ နဲ့ ၁၀၀၀၀ ကျပ်ဝန်းကျင်ကြား ဝယ်ရပြန်တော့ မထောင်သာလှဘူး” ဟု ကော့ပရံမှ ထက်ပိုင်ဦးက ပြောသည်။
မုဒုံမြို့နယ်တွင် လယ်မြေ၏ ရိယာ ၇၉၅၉၂ ဧကရှိပြီး တစ်နှစ်ပျမ်းမျှ မိုးစပါးတင်းပေါင်း ၆၆၁၄၄၈၂ ရရှိပြီး ဆန်ဖူလုံမှု ရာခိုင်နှုန်း ၁၃၈.၃၅ ရှိကြောင်း ဒေသဆိုင်ရာအချက်အလက်များအရ သိရှိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.