မွန်ပြည်နယ်လွှတ်တော်က အတည်ပြဌာန်းခဲ့ပြီးဖြစ်သည့် ဥပဒေများအနက်မှ လိုအပ်ချက်ရှိသည်ဟု သုံးသပ်ခဲ့မိသည့် ပြည်နယ် စည်ပင်သာယာရေးဥပဒေကို ပြန်လည် ပြင်ဆင်ဖြည့်စွတ်မှု ပြုလုပ်ခဲ့သည်ဟု ပြည်နယ်လွှတ်တော်ထံမှ သိရသည်။
ယင်းပြင်ဆင်ဖြည့်စွက်ထားသည့် ဥပဒေကို အတည်ပြု ပြဌာန်းနိုင်ရန် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်စည်ပင်သာယာကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များတို့က နိုဝင်ဘာ ၁၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
“ဒို့က လွှတ်တော် ဥပဒေပြင်ဆင် သုံးသပ်ခြင်းလုပ်တယ်၊ လုပ်တဲ့အခါမှာ စည်ပင်သာယာဥပဒေကို တချို့က ပြင်ဆင် ဖြည့်စွတ်ဖို့လိုအပ်လာတယ် အဲကြောင့်မို့ လုပ်တယ်၊ ဥပမာ မြို့နယ်စည်ပင်သာယာရေးကော်မတီတွေကို ရွေးကောက်ပွဲနဲ့လုပ်မယ် မဲထည့်တဲ့စနစ်နဲ့ ရွေးမယ်၊ အရင်ကတော့ ခန့်အပ်တယ်၊ ဒါကလည်း ပိုကောင်းအောင် အရင်ကထက် ပိုကောင်းအောင် local body ပေါ်အောင် လုပ်တာပါ” ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးကျင်ဖေက ပြောသည်။
၎င်းပြင် အတည်ပြုပြဌာန်းခဲ့သည့် ဥပဒေများကို ပြန်လည်သုံးသပ်မှုပြုလုပ်ခဲ့ပြီး ကျန်ရှိလွှတ်တော်သက်တမ်းတွင် ပြင်ဆင် ဖြည့်စွတ်စရာရှိသည့် ဥပဒေများကို ပြင်ဆင် ဖြည့်စွတ်သွားမည်ဖြစ်ပြီး လိုအပ်ပါက အသစ်ပြန်လည်ရွေးဆွဲရမည့် ဥပဒေများကို ပြန်လည်ပြင်ဆင်ရေးဆွဲသွားမည်ဟုလည်း ၎င်းက ပြောသည်။
ပြန်လည်ပြင်ဆင်ဖြည့်စွတ်လိုက်သည့် စည်ပင်သာယာရေးဥပဒေတွင် ယခင်မူလဥပဒေထက် ရှင်းရှင်းလင်းလင်းဖြစ်လာကြောင်း အထူးသဖြင့် စည်ပင်ယာသာရေးအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီကြား လုပ်ပိုင်ခွင့်ဆိုင်ရာ ရှင်းရှင်းလင်းလင်း ဖြစ်လာကြောင်း သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဦးထွန်းမြင့်ကျော်က ပြောသည်။
၎င်းက “အရင်ကဆိုရင် စည်ပင်သာယာရေးအဖွဲ့နဲ့ စည်ပင်သာယာရေးကော်မတီဆိုတာ မရှင်းဘူး မရှင်းတဲ့အခါကျတော့ ဥပမာ လုပ်ပိုင်ခွင့်တခုကို စည်ပင်အဖွဲ့က လုပ်ရမှာလား စည်ပင်ကော်မတီက လုပ်ရမှာလား အဲလိုရှိတယ် စည်ပင်သာယာရေးကော်မတီဆိုတာ မြို့မိ မြို့ဖလို နာမည်ခံရုံသက်သက်ဘဲလားဆိုတာမျိုးလဲရှိတယ် အခုက လုံးဝရှင်းတယ် စည်ပင်သာယာရေးကော်မတီသည် စည်ပင်သာယာရေးလုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး အကုန်လုံးလုပ်ပိုင်ခွင့်ရှိတယ် ဝန်ထမ်းစီမံခန့်ခွဲရေးနဲ့ ပြစ်ဒဏ်စီရင်တာကလွဲရင် ကျန်တဲ့အပိုင်းမှာလည်း ရှင်းရှင်းလင်းလင်းရှိလာတယ်”
ပြင်ဆင်ဖြည့်စွတ်ထားသည့် စည်ပင်ဥပဒေသည် အပြည့်စုံဆုံးဖြစ်မည်ဟု မသေချာသော်လည်း ယခင်ကထက် ပိုပြည့်စုံလာသည်မှာ အသေအချာပင်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်သက်တမ်းတလျှောက်တွင် ဥပဒေပေါင်း ၃၀ ခုခန့် အတည်ပြုပြဌာန်းနိုင်ခဲ့သော်လည်း လက်တွေ့ အကောင်အထည်ဖော်မှုအားနည်းကြောင်း ၎င်းအနက် စည်ပင်သာယာရေးဥပဒေသည် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် ဥပဒေတခုဖြစ်ကြောင်း ဥပဒေ၊ အဆို၊ မေးခွန်းများအပေါ်အကောင်အထည်ဖော်မှု လေ့လာသုံးသပ်ရေးကော်မတီက သုံးသပ် ပြောဆိုထားသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.