ဟောင်ကောင်၊ မေ ၂၉
တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေတဲ့ ပါရာဆယ်ကျွန်းမှာ တရုတ်က သူတို့ရဲ့ အဆင့်အမြင့်ဆုံး ဗုံးကြဲ လေယာဉ်တွေထဲက နှစ်စီးကို အခုအတွင်း ချထားလိုက်ကြောင်း ဂြိုဟ်တု ပုံရိပ်တွေက ဖော်ပြနေပါတယ်။
ဒါဟာ တရုတ်က သူတို့ရဲ့ ကြီးထွားလာနေတဲ့ စစ်ရေး စွမ်းပကားတွေကို ပြိုင်ဖက်တွေသိအောင် နောက်ဆုံး အချက်ပြမှု ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒါက ဘေဂျင်းရဲ့ တာဝေး H-6 ဗုံးကြဲ လေယာဉ်တွေကို ၂၀၂၀ ပြည့်နှစ််နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ အဲဒီကျွန်းသို့ ချထားလာတာ ဖြစ်ပါတယ်။
အခု သီတင်းပတ်ကုန်ရက်မှာ ဒေသတွင်း အကြီးမားဆုံး ကာကွယ်ရေး ညီလာခံ ကျင်းပဖို့ ရှိနေပြီး တရုက ထိုင်ဝမ်တဝိုက် စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေချိန်နဲ့အတူ ဖိလစ်ပိုင်နဲ့ တင်းမာမှု မြင့်တက်နေချိန်မှာ ဒီလို အဆင့်အမြင့်ဆုံး ဗုံးကြဲလေယာဉ် နှစ်စီးကို ချထားလိုက်တာ ဖြစ်ပါတယ်။
စင်ကာပူမှာ ရှန်ဂရီလာ ကာကွယ်ရေး ညီလာခံ ကျင်းပဖို့ ရှိနေပြီး ထရန့် အစိုးရရဲ့ အဲဒီဒေသသို့ ချဉ်းကပ်မယ့် ပုံစံကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိသ် ဟတ်ဆေ့ချ်က ရှင်းလင်းဖို့ ရှိနေပါတယ်။

လာမယ့်လမှာ ဗြိတိန်က တောင်တရုတ်ပင်လယ်သို့ လေယာဉ်တင် သင်္ဘော တစ်စီး ချထားဖို့ မျှော်လင့်ရတယ်လို့ သံတမန်တွေက ပြောကြားထားပါတယ်။
တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေတဲ့ ကျွန်းပေါ်မှာ H-6 ဗုံးကြဲလေယာဉ် နှစ်စီး ပျံသန်းနေတာကို ဂြိုဟ်တုက တစ်ဆင့် တွေ့မြင်ရပါတယ်။
ပါရာဆယ်ကျွန်းကို တရုတ်က သိမ်းပိုက်ထားပြီး ဗီယက်နမ်က ကန့်ကွက်ထားပါတယ်။
အဲဒီ ဗုံးကြဲ လေယာဉ်တွေကို တရုတ်က မေ ၁၇ ရက်ကတည်းက ချထားတာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
တရုတ်က အဲဒီလို ဗုံးကြဲလေယာဉ်မျိုးကို အနာဂတ်မှာ အမေရိကန်နဲ့ စစ်ဖြစ်လာရင် သူတို့ရဲ့ အမာခံစခန်းတွေကို ကာကွယ်ဖို့ ပြည်မကြီးမှာပဲ ချထားလေ့ ရှိခဲ့တာ ဖြစ်ပါတယ်။
ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့က သူတို့ ပိုင်တယ်လို့ ပြောထားတဲ့ ဒေသတွေ အပါအဝင် တောင်တရုတ်ပင်လယ် တစ်ခုလုံးကို တရုတ်က သူတို့ ပိုင်တယ်လို့ ပြောထား ပါတယ်။
ဘေဂျင်းရဲ့ အဲဒီလို ပြောဆိုမှုဟာ နိုင်ငံတကာဥပဒေအရ တရားမဝင်ဘူးလို့ ၂၀၁၆ ခုနှစ်က နိုင်ငံတကာ အငြင်းပွားမှု ဖြေရှင်းရေး တရားရုံးက ဆုံးဖြတ်ခဲ့ပေမယ့် တရုတ်က ပယ်ချခဲ့ပါတယ်။
Ref:Reuters