မော်လမြိုင် မေ ၂၉
အရှေ့တောင်အာရှဒေသမှာ စိတ်ကြွဆေးနဲ့ တခြားအန္တရာယ်ရှိတဲ့ မူးယစ်ဆေးတွေ စံချိန်တင် ဖမ်း ဆီးရမိမှုပမာဏကို ကြည့်မယ်ဆိုရင် ရွှေတြိဂံဒေသမှာ တရားမဝင် မူးယစ်ကုန်သွယ်မှုတွေ အရှိန် အဟုန်နဲ့ တိုးမြင့်လာတာကို ပြသနေတယ်လို့ မေ ၂၈ ရက်မှာ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာ တစ်ခုမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ အထူးသဖြင့် ရှမ်းပြည်နယ် ရွှေတြိဂံဒေသကနေ စိတ်ကြွဆေးပြား ထုတ်လုပ်မှုနဲ့ ရောင်း ဝယ်ဖောက်ကားမှုဟာ ထင်မှတ်မထားတဲ့အဆင့် ရောက်ရှိနေတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရတဲ့အကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC မှ ယာယီ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဘန်နဒစ်ဟော့ဖ်မန်းက ပြောပါတယ်။
UNODC ရဲ့ အစီရင်ခံစာအရ အထူးသဖြင့် အရှေ့တောင်အာရှဒေသမှာ မက်သာဖက်တမင်း စိတ် ကြွမူးယစ်ဆေး ဖမ်းဆီးရမိမှုဟာ ၂၀၂၄ ခုနှစ်မှာ ၂၃၆ တန်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၂၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။
မက်သာဖက်တမင်း ခရစ်စတယ်နဲ့ ဆေးပြားတွေ အရေအတွက် တိုးမြင့်လာတဲ့အပြင် မြန်မာနိုင်ငံမှာ ဆေးပြားတစ်ပြားကို ဒေါ်လာ ၀ ဒသမ ၆ ဒေါ်လာ ဈေးအထိ ချိုသာနေတာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ထိုင်းနိုင်ငံမှာ မက်သာဖက်တမင်းဆေးပြား ၁ ဘီလီယံလောက် ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဆိုပါတယ်။
အရှေ့တောင် အာရှဒေသတွင်းမှာ ဈေးကွက်ထဲ စိတ်ကြွဆေးတွေ အလျှံအပယ် တွေ့ရှိနေရတာဟာ လျင်မြန် ကောင်းမွန်ပြီး အရင်းအမြစ်ရှိတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေ လည်ပတ်နေတဲ့ စက်မှုလုပ်ငန်း အကြီးစားထုတ်လုပ်မှုနဲ့ လူကုန်ကူးမှုတွေကြောင့် ဖြစ်တယ်လို့ UNODC ရဲ့ အစီ ရင်ခံစာမှာ ဖော်ပြပါတယ်။
မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရွှေတြိဂံဒေသဟာ ဝေးလံခေါင်သီပြီး တရားဥပဒေစိုးမိုးမှု လျော့ပါးတာကြောင့် ဘိန်းနဲ့ ဘိန်းဖြူထုတ်လုပ်မှုမှာ ကျော်ကြားတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ မကြာသေးမီ ဆယ်စုနှစ်တွေအတွင်း မူးယစ်ဆေးတွေကို စက်မှုလုပ်ငန်း ထုတ်လုပ်တဲ့အတိုင်းအတာနဲ့ ထုတ်လုပ်နိုင်တဲ့အနေအထားအထိ လွယ်ကူလျင်မြန်လာခဲ့တာပါ။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်ဆီ ဦးတည်လာပြီး မက်သာဖက်တမင်း ကုန်သွယ်မှုဟာ နိုင်ငံရေးပြဿနာတစ်ခုဆီ ကြီးထွားလာခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီလိုအနေအထားကြောင့် မူးယစ်ဆေးဝါး စီးဆင်းမှုဟာ အရှေ့နဲ့ အရှေ့တောင်အာရှဒေဿမှာသာမက တောင်အာရှ အထူးသဖြင့် အိန္ဒိယအရှေ့မြောက်ဒေသမှာ တိုးမြင့်လာခဲ့တာဖြစ်တယ်လို့လည်း UNODC ရဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။
Ref:khaosodenglish