သထုံ၊ မေ ၃၀
မွန်ပြည်နယ်ရဲ့ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်ရှိ တပ်စခန်းတွေဆီ စစ်ကောင်စီဘက်က တပ်အင် အားတိုးချဲ့လာတာကြောင့် နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခုမေလအတွင်း သထုံမြို့နယ် ပိန္နဲတောတပ်စခန်းနဲ့ ဘီးလင်းမြို့နယ် ဝင်းတာပန်၊ နတ်ကြီးတပ်စခန်းတွေထံ တပ်အင်အားတွေ ထပ်မံဖြည့်တင်းထားတာ ဖြစ်ပါတယ်။
အဲဒီစခန်းတွေထံ အနည်းဆုံး အင်အား ၃၀၀ ကနေ ၅၀၀ အထိ ဖြည့်တင်းထားတာ ဖြစ်ပြီး နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
စစ်ကောင်စီတပ်ရဲ့ အင်အားဖြည့်တင်းမာမှုဟာ လက်လွှတ်ဆုံးရှုံးထားရတဲ့ စခန်းတွေကို ပြန်လည်သိမ်းယူဖို့နဲ့ ခံစစ်အတွက် ကြိုတင်ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ ပဒိုစောအေးနိုင်က သုံးသပ်ထားပါတယ်။
တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ သထုံခရိုင်အတွင်းရှိ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တို့မှာ နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်တာတွေ ရှိနေပြီး လေကြောင်းကင်းထောက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာပါ။
အလားတူ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည် နယ်တောင်ပိုင်း ရေးမြို့နယ်မှာ တပ်အင်အားအများအပြား ဖြည့်တင်းပြီး ခံစစ်ပြင်ဆင်မှုတွေ တိုးမြှင့်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ တပ်အင်အားဖြည့်တင်းမှုကြောင့် လာမယ့် မိုးတွင်းရာသီမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ