မြဝတီ၊ မေ ၃၀

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဝေါ်လေဒေသရှိ စစ်ကောင်စီတပ်ရဲ့ ကနဲလေးစခန်းကို အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက အတည်ပြုထုတ်ပြန်ပါတယ်။

ဝေါ်လေဒေသထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ရာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ကနဲလေးစခန်းကိုတော့ မေ ၂၈ ရက်နေ့ ညပိုင်းအချိန်မှာ KNLA KNDO တော်လှန်ရေးအင်အားစုအဖွဲ့တို့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားသလို လက်နက်ကြီးတွေအပါအဝင် လက်နက်ကျည်ဆံ ဗုံးသီးအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန် ရေးပူးပေါင်းအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

KNLA KNDO တော်လှန်ရေးအင်အားစုအဖွဲ့ဟာ ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့က ဝေါ်လေဒေသ ထိုင်းနယ်စပ်နားမှာရှိတဲ့ ဘလယ်ဒိုစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မြဝတီ-ဝေါ်လေ လမ်းပေါ်က သေဘောဘိုးစခန်းကိုလည်း ဝိုင်းရံတိုက်ခိုက်နေခဲ့ရာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။

သေဘောဘိုးစခန်းမကျဖို့အတွက် စစ်ကောင်စီတပ်က အပြင်းအထန်ခုခံနေသလို ဝေါ်လေဗျူဟာကနေ အင်အား ၆၀ ကျော်ပါဝင်တဲ့ စစ်ကြောင်းတစ်ကြောင်းကို စစ်ကူပို့လွတ်ခဲ့ရာမှာ မေ ၂၈ ရက်နေ့က DKBA ဗဟိုဌာနချုပ် ဆုံဆည်းမြိုင်မှာ KNLA KNDO တော်လှန်ရေးအင်အားစုအဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းတစ်ကြောင်းလုံး ပျက်သွားခဲ့ပါတယ်။

စစ်ကူစစ်ကြောင်းကို ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၁၀ ဦးကို တော်လှန် ရေးအင်အားစုအဖွဲ့တွေက အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့သလို စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားတွေဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားခဲ့တာပါ။

စစ်ကြောင်းတစ်ကြောင်းလုံး အထိနာသွားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မေ ၂၈ ရက်နေ့ နေ့လည်ပိုင်းအချိန်က DKBA ဗဟိုဌာနချုပ် ဆုံဆည်းမြိုင်ထဲကို လေယာဉ်နဲ့ လာရောက် ဗုံးကြဲသွားခဲ့ရာ အရပ် သားအချို့ ထိခိုက်မှုတွေရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

သေဘောဘိုးတိုက်ပွဲကြောင့် သေဘောဘိုး၊ တောင်နီ၊ ဆုံဆည်းမြိုင် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူဦးရေ ၄၀၀ ကျော် ထိုင်းနိုင်ငံထဲ ရောက်ရှိလာပြီး လူသားချင်းစာနာမှုအကူအညီတွေ ပေးထားတယ်လို့လည်း နယ်စပ် ထိုင်းသတင်းရင်းမြစ်တွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.