ရေဖြူ၊ မေ ၃၀

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အနီးမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တော်လှန် ရေးအင်အားစုတွေထံကနေ သိရပါတယ်။

မေ ၂၉ ရက်နေ့ မနက်ပိုင်းကစလို့ ထားဝယ်အထူးစီးပွားရေးဇုန်အနီး ဧကနိကျေးရွာအနောက်ဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ဒီကနေ့ တစ်ရက်တည်း နှစ်ဖက်တိုက်ပွဲတွေ သုံးကြိမ်ထက်မနည်း ဖြစ်ပွားထားပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ် မသိရသေးပါဘူး။

တိုက်ပွဲကြောင့် ဝက်ချောင်း၊ခမောင်းချောင်း၊ဧကနိ၊ ရငဲ၊ဝဇွမ်းတော့စတဲ့ကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာကျေးရွာတွေနဲ့ တောတောင်ဥယျာဉ်ခြံတွေထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရုရှားနိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီမှုရပြီးနောက် စစ်ကောင်စီဟာ အဲဒီဒေသမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အင်အားသုံးပြီး ထိုးစစ်ဆင်ဖို့ကြိုးစားလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဝင်ရောက်လာမှုဟာ ထားဝယ်အထူးစီးပွားရေးဇုန်အနီးပတ်ဝန်းကျင် နယ်မြေရှင်းလင်း လုပ်ဆောင်ဖို့ ဖြစ်နိုင်တယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.