မော်လမြိုင် ၊ မေ ၂၉

မြန်မာတွေ ကိုယ်တိုင်ဦးဆောင်တဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံရေးဖြေရှင်းမှုရရှိဖို့ ကြိုးပမ်းရာမှာ ပန်းတိုင်တွေ ဖော်ဆောင်နိုင်ရေးအတွက် တာဝန်ယူမှု တာဝန်ခံနိုင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ယုံကြည်မှု တည်ဆောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ အသင့်ရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကူညီဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ သီးသန့်သဘောထား ကြေညာချက် ထုတ်ပြန်ခြင်းအပေါ် NUG ရဲ့ သဘောထား ရပ်တည်ချက်ကို နိုင်ငံခြား ရေးဝန်ကြီးဌာနက မေ ၂၈ ရက်နေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး၊စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ပေါ်ထွန်းရေးနဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ဖော်ဆောင်နိုင်ရေးမှာ အပြည့်အဝသဘောတူတယ်လို့ ဆိုလိုတာပါ။

အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ခန့်အပ်ရာမှာ လက်ရှိ သတ်မှတ်ထားတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ သက်တမ်းနဲ့ တူညီတဲ့တစ်နှစ် သတ်မှတ်ချက်အစား တိုးမြှင့်သတ် မှတ်သင့်တယ်လို့ NUG က တိုက်တွန်းထားပါတယ်။

ဒါဟာ အာဆီယံရဲ့ ဘုံသဘောထား ရပ်တည်ချက်တွေနဲ့အညီ မြန်မာပြည်သူတွေကို ကူညီဆောင် ရွက်ပေးရာမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းရဲ့ ဆက်လက်ပံ့ပိုးကူညီမှုတွေကို ချိတ်ဆက်ပြီး ထိရောက်စွာအကောင်အထည်ဖော်နိုင်ဖို့ ဖြစ်တယ်လို့ ဖော်ပြထားတာပါ။

အရပ်သားပြည်သူတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ အပါအဝင် ပြည်သူတွေရဲ့ ဘေးကင်းမှုနဲ့ လုံခြုံမှုကို သေချာစေရေး တိကျတဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ အာဆီယံရဲ့ တိုက်တွန်းချက်ကို NUG အနေနဲ့ ကြိုဆိုတယ်လို့လည်းဆိုပါတယ်။

ဒီအပေါ် အာဆီယံရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံတကာကနေ ပါဝင်တဲ့ စနစ်ကျတဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့် ထိန်းသိမ်းရေး ယန္တရားမျိုး မရှိရင် အရပ်သားပြည်သူတွေကို ထိရောက်စွာ ကာကွယ်နိုင်မှာမဟုတ်ဘူးလို့ NUG က ထောက်ပြထားပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရာမှာလည်း လိုအပ်နေသူတွေထံ လက် လှမ်းမီရောက်ရှိစေရေးအတွက် ဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်ကို ဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ အပစ်ခတ်ရပ်စဲဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ တိုက်တွန်းချက်ကိုလည်း NUG အနေနဲ့ နားလည်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ငလျင်ဒဏ်သင့်နေရာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ယာယီအပစ်အခတ်ရပ်စဲရေးကို NUG က ကြေညာခဲ့ပေမယ့် စစ်ကောင်စီက အပစ်ရပ်ကာလမှာပဲ ပြည်သူတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊မီးရှို့ဖျက်ဆီးတာနဲ့ တရားမဲ့ သတ်ဖြတ်တာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတာပါ။

အာဆီယံရဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးအထိ နယ်မြေ ထိန်းချုပ်စိုးမိုးထားတဲ့ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေက လက်တွေ့အုပ်ချုပ်နေတဲ့ နေရာတွေမှာ တိုက်ရိုက်ချိတ်ဆက်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နိုင်ငံတွေကတဆင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီတွေ ပေးနိုင်ရေး အာဆီယံအနေနဲ့ ဆောင်ရွက်ပေးဖို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထပ်မံတိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.