ဝါရှင်တန်၊ မေ ၂၉

အမေရိကန်မှာ ပညာသင်ယူနေတဲ့ တရုတ်ကျောင်းသားတွေရဲ့ ဗီဇာကို အပြင်းအထန် ပယ်ဖျက်တော့မယ်လို့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစိုးရက ပြောကြားလိုက်ပါတယ်။

ဗီဇာ ရုတ်သိမ်းမှုအတွင်း အရေးကြီးတဲ့ နယ်ပယ်တွေမှာ ပညာသင်ယူနေတဲ့ ကျောင်းသားတွေအပြင် တရုတ် ကွန်မြူတစ်ပါတီနဲ့ ဆက်နွယ်နေသူတွေ ပါဝင်မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

အနာဂတ်မှာ တရုတ်နဲ့ ဟောင်ကောင်ကနေ ဗီဇာ လျှောက်ထားမယ့် သူတွေအပေါ် အရှိန်မြှင့် စစ်ဆေးရေး သတ်မှတ်ချက်တွေကို ပြန်လည် သုံးသပ် ပြင်ဆင်သွားမှာ ဖြစ်ကြောင်း ဝန်ကြီး ရူဘီယိုက ဖြည့်စွက် ပြောကြားထားပါတယ်။

ထရန့်ရဲ့ အခွန်ကောက်ခံမှုကြောင့် စူပါအင်အားကြီး နှစ်နိုင်ငံကြား ဖြစ်ပေါ်နေတဲ့ အပြန်အလှန် လက်စားချေ အခွန်စစ်ပွဲနဲ့အတူ ဘေဂျင်းနဲ့ ဝါရှင်တန်ကြား ဆက်ဆံရေးဟာ မကြာသေးခင်လတွေက စတင်ပြီး ဆိုးရွားလာခဲ့ပါတယ်။

ဗီဇာ လျှောက်ထားတဲ့ ကျောင်းသားတွေအတွက် ရက်ချိန်းရယူထားမှုအားလုံးကို ပယ်ဖျက်ဖို့ ဝန်ကြီး ရူဘီယိုက ကမ္ဘာတဝန်းရှိ အမေရိကန် သံရုံးတွေကို မေ ၂၆ ရက်မှာ ညွှန်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်မှာ ပညာသင်ယူနေတဲ့ တရုတ် ကျောင်းသား ၂၈၀၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်းမှုတွေက ဖော်ပြနေပါတယ်။

အမေရိကန်တက္ကသိုလ်တွေမှာ ပညာသင်ယူနေတဲ့ နိုင်ငံခြား ကျောင်းသားတွေထဲမှာ တရုတ် ကျောင်းသား အများဆုံး ဖြစ်ခဲ့ပေမယ့် အဲဒီ အခြေအနေဟာ မကြာသေးခင်က ပြောင်းလဲသွားခဲ့ပါတယ်။

ကမ္ဘာ့ကပ်ရောဂါနဲ့ ကြုံချိန်က တားဆီးမှုတွေကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုဆိုးသွားခဲ့ပြီး အမေရိကန်မှာ လာရောက် ပညာသင်ယူတဲ့ တရုတ် ကျောင်းသား အရေအတွက် မကြာသေးခင် နှစ်တွေက လျော့ကျသွားခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက အမိမြေ လုံခြုံရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး တရုတ်ကျောင်းသားတွေရဲ့ ဗီဇာကို ပြင်းပြင်းထန်ထန် ပယ်ဖျက်သွားမှာ ဖြစ်ကြောင်း ဝန်ကြီး ရူဘီယိုက ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.