မော်လမြိုင် ၊ မေ ၃၀
မွန်ပြည်နယ်ရဲ့ ကမ်းရိုးတန်းပင်လယ်ပြင်အတွင်းက တရားမဝင်ငါးဖမ်းသင်္ဘောအပါအဝင် တရားမဝင် ခဲ၊ သတ္တုနဲ့ သစ်တင် သင်္ဘောတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ စစ်ကောင်စီခန့် မွန် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကြုံးဝါးလိုက်ပါတယ်။
မေ ၂၈ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရရုံးမှာပြုလုပ်တဲ့ မွန်ပြည်နယ် ပင်လယ်ကမ်း ရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီရဲ့ ဆဋ္ဌမအကြိမ် အစည်းအဝေးမှာ သူရဲ့ လက် အောက်ခံ ဌာနဆိုင်ရာတွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တရားမဝင်သင်္ဘောတွေ ဖမ်းဆီးနိုင်ဖို့အတွက် အလေးထားဆောင်ရွက်ရမယ့် နေရာဒေသတွေကို ဖော်ထုတ်နိုင်ဖို့ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ညွှန်ကြားချက်နဲ့အညီ ပူးပေါင်းဆောင် ရွက်ဖို့ကိုလည်း ညွှန်ကြားခဲ့ပါသေးတယ်။
ရေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကတော့ တရားမဝင်သင်္ဘောတွေကို ထိရောက်စွာ အရေးယူမယ်လို့ ပြောပေမယ့် မြေပြင်မှာ သူ့ပတ်သက်ရာ ပတ်သက်ကြောင်းနဲ့ တရားမဝင်လုပ်ကိုင်သူတွေ များလာတယ်လို့ ပြောပါတယ်။
“လက်ရှိမြေပြင်မှာတော့ သူဟာသူကတော့ ပတ်သက်ရာ ပတ်သက်ကြောင်းနဲ့ လုပ်နေတာပဲလေ။ သစ်လည်းသစ်ပေါ့။ ငါးလည်း ငါးပေါ့။ သူတို့ သင်္ဘောဆိုလည်း သင်္ဘောပေါ့။ ဌာနဆိုလည်း ဌာနပေါ့။ သူတို့ဟာ သူတို့ ကန်တော့ပြီး လုပ်နေကြတာပေါ့။ ခိုးဖမ်းတဲ့သူကတော့ အဆင်ပြေတာပေါ့။ လိုက်နာတဲ့သူကတော့ အဆင်မပြေဘူးပေါ့” လို့ ဆိုပါတယ်။
တရားမဝင်ငါးဖမ်းသင်္ဘောအပါအဝင် တခြားသင်္ဘောတွေဟာ စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရမှာသာ ထွက်ခွာခွင့် ရှိတာကြောင့် လက်ရှိမှာ ငွေကြေးပေးဆောင်မှသာ ထွက်ခွာခွင့် ပြုတာဖြစ်တဲ့အတွက် အောက်ခြေမှာ လာဘ်စားမှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။
ရေလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကတော့ တရားမဝင် ငါးဖမ်းသင်္ဘောတွေကို အရေးယူမယ်လို့ ပြောပေမယ့် မြေပြင်မှာ အုပ်ချုပ်ရေးမှူးတွေနဲ့တပ်တွေပေါင်းကာ ပိုက်ဆံယူပြီး လုပ်ကိုင်ခွင့်ပေးနေတာကြောင့် တရားမဝင် ငါးခိုးဖမ်းတာတွေ များလာတယ်လို့ ပြောပါတယ်။
“တရားဝင်သူတို့က ပိုက်ဆံကောက်ပြီးတော့ နေရာတွေချပေးပြီးတော့ လုပ်စားတာလေ။ အနောက် ဘက်ကမ်း စစ်တောင်းမြစ်တစ်ခုလုံးကကုန်ပြီ။ ပိုက်ဆံက အဲဒီနောက်ဘက်ကမ်းမှာ သူတို့ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့်ပေါ့ တပ်တွေကို ထောက်ပံ့တာပေါ့။ အခုဒီရွာနားမှာ ဘယ်နဦး လုပ် စားလို့ရလဲ၊ လုပ်စားလို့ရတဲ့သူက အဲ့ဒီရွာက ဥက္ကဋ္ဌကိုပေး၊ အဲဒီဥက္ကဋ္ဌက အဲဒီလို ပြန်ပေးပေါ့၊ လက် ရှိ ပင်လယ်ပြင်မှာကတော့ ငါးခိုးဖမ်းတဲ့လှေတွေက ဖမ်းဆီးရေးမရှိတဲ့အတွက်ကို ပိုများလာတာပေါ့”လို့ ဆိုပါတယ်။
စစ်ကောင်စီက တရားမဝင် ငွေကြေးရယူပြီး ငါးခိုးဖမ်းခွင့်ပြုထားတဲ့အတွက် လက်ရှိ ငါးရစ်ငါးသန် ကာလမှာတောင် ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးမှု များနေတာကြောင့် လာမယ့် ငါးဖမ်းရာသီမှာ ငါးအရ နည်းလာနိုင်တဲ့ အခြေအနေရှိတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီကတော့ မွန်ပြည်နယ်ရှိ ပင်လယ်ပြင်အတွင်း ငါးရစ်ငါးသန်ချိန်ဖြစ်တဲ့ ငါးမဖမ်းရ ရာသီကို ပြီးခဲ့တဲ့နှစ်တွေက ဧပြီလမှ စတင်ပြီး ဇွန်လအထိ ၃ လတာ ပိတ်ထားရာမှ ဒီနှစ်မှာတော့ မေလနဲ့ ဇွန်လ နှစ်လသာ ပိတ်ထားတယ်လို့ ရေလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။
စစ်ကောင်စီလက်ထက် ငါးသယံဇာတ ထိန်းသိမ်းမှု မရှိသလောက် နည်းလာတဲ့အတွက် ရာသီအလိုက် ငါးအမျိုးအစား ရရှိမှုမမှန်တော့တာ၊ အရင်လို ပို့ကုန်တန်းဝင် ငါးကြီးတွေ ရရှိမှု နည်းလာတာ အပြင် ငါးအမျိုးအစားတချို့ ပြုန်းတီးမှု အခြေအနေနဲ့ ရှိလာတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်အာဏာသိမ်းပြီးနောက် တရားမဝင် ငါးဖမ်း သင်္ဘောအပါအဝင် တခြား သယံဇာတတင် သင်္ဘောတွေကို အခကြေးငွေယူပြီး တရားဝင်သဖွယ် ခွင့်ပြုထားတဲ့အတွက် သ ဘာဝ သယံဇာတ ထိခိုက်မှု ပိုမိုဆိုးရွားလာတယ်လို့ သယံဇာတအရေး လေ့လာသူတွေက ထောက်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ