ကျောက်ကြီး၊ မေ ၂၉

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသုံးဦး ထွက် ပြေးလွတ်မြောက်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှာ အလင်းဝင်လာခဲ့တယ်လို့ အာဠာဝကစစ်ကြောင်းက မေ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့မှာ ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ် ၅၉၉ ခြေမြန်တပ်ရင်းမှ စစ်ကောင်စီ တပ်သားသုံးဦး ထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ခဲ့တာပါ။

အလင်းဝင်လာတဲ့ တပ်သားသုံးဦးဟာ ကိုမင်းမင်းဇော် (ပစ – ၁၄၄၀၆၄)၊ ကိုဝိုင်းချစ် (ပစ – ၁၄၃၉၁ ၃)နဲ့ ကိုမြတ်ဇော် (ပစ – ၁၄၃၉၇၈) တို့ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့သုံးဦးလုံးဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေဖြင့် အတင်းအဓမ္မစစ်သားစုဆောင်းခြင်း ခံရသူတွေဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် ၉ မှ သင်တန်းဆင်းတပ်သားတွေ ဖြစ်ပါတယ်။

အလင်းဝင်လာသူတွေရဲ့ ပြောပြချက်အရ သူတို့‌တွေကို စစ်ကောင်စီက အတင်းအဓမ္မဖမ်းဆီးခဲ့ပြီး မြို့နယ် အဆင့်ဆင့်ကို ပို့ဆောင်ကာ ကိုယ်ခန္ဓာအစိတ်အပိုင်းနဲ့ ကျန်းမာရေးစတာတွေကို စစ်ဆေးပြီး တောင်ငူသင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းကျောင်းမှာလည်း စစ်ကောင်စီတပ်သားတွေက သင်တန်းသားတွေ ထွက်ပြေးမှာစိုးတာကြောင့် မင်းတို့ ထွက်ပြေးရင် PDF တွေက ဖမ်းဆီးသတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ကာ ဆိုက်ဝါးထည့်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ် ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်‌ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့ထံမှာ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ရဲ ၁၃၆ ဦး ရှိတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – အာဠာဝကစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.