ကွာလာလမ်ပူ မေ ၂၈

လက်ရှိ ဖြစ်ပွားနေတဲ့ ပြဿနာအတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရေရှည် တည်မြဲတဲ့ အဖြေရှာဖွေရေး မြန်မာနိုင်ငံကို ကူညီဖို့ ဆက်လက် ကတိပြုထားကြောင်း အာဆီယံ ခေါင်းဆောင်တွေက မေ ၂၇ ရက်မှာ ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာ ဖြေရှင်းရာမှာ ၂၀၂၁ ခုနှစ်မှာ သဘောတူထားခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အဓိကကျတဲ့ မူဘောင်အဖြစ် ဆက်ရှိနေမှာ ဖြစ်တယ်လို့ အာဆီယံ ခေါင်းဆောင်တွေရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အရပ်သားတွေနဲ့ အများပြည်သူ အဆောက်အဦတွေကို အကြမ်းဖက် တိုက်ခိုက်နေမှုတွေ ချက်ချင်း ရပ်တန့်ရေး သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကို မိမိတို့ တိုက်တွန်းကြောင်းနဲ့ အားလုံး ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ အရပ်သားတွေ ဘေးကင်းရေး အလေးထား ဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း အာဆီယံ ခေါင်းဆောင်တွေက ပြောလိုက်တာပါ။

အာဆီယံရဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ဘေးကင်းစွာ၊ အချိန်မီ၊ ထိထိရောက်ရောက်၊ ပွင့်လင်းမြင်သာစွာ ဖြန့်ဖြူးနိုင်ရေး အဖွဲ့အစည်း အားလုံးက အာမခံပေးဖို့နဲ့ နိုင်ငံတဝန်း ကျယ်ကျယ်ပြန့်ပြန့် အပစ်အခတ်ရပ်စဲကြဖို့ အာဆီယံ ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။

လူပေါင်း ၃၈၀၀ ကျော် သေဆုံးခဲ့တဲ့ ငလျင်လှုပ်ခတ်ပြီးနောက် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ထွက်ပေါ်လာပြီး မေ ၃၁ ရက်အထိ သက်တမ်း တိုးထားပေမယ့် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေ အဆုံးသတ်ရေး၊ လူသားချင်း စာနာထောက်ထားရေး အကူအညီ ပေးပို့ရေး၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား ဆွေးနွေးရေး၊ အထူးကိုယ်စားလှယ် ခန့်အပ်ရေးနဲ့ အဲဒီကိုယ်စားလှယ်က သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနဲ့ စေ့စပ်ရေး စတဲ့ အချက် ၅ ချက်ကို အာဆီယံက ဘုံသဘောတူညီမှုအဖြစ် ထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီက လက်တွေ့ အကောင်အထည်ဖော်မှု နည်းနည်းလေးပဲ ရှိပါတယ်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို ဦးစားပေးရမှာ မဟုတ်ဘဲ အကြမ်းဖက်တိုက်ခိုက်မှု အဆုံးသတ်ရေး ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ စစ်ကောင်စီကို အသိပေးထားပါတယ်။

Ref:AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.