ဘန်ကောက်၊ မေ ၂၈
မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတဲ့ မြန်မာနိုင်ငံရှိ ‘ဝ’ တပ်ဖွဲ့ UWSA ကို တားဆီးရေး အရှိန်မြှင့် ဆောင်ရွက်ဖို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ မကြာခင် တွေ့ဆုံပြီး မူးယစ်ဆေးဝါး ကွန်ရက်တွေကို တိုက်ဖျက်နှိမ်နှင်းရေး နည်းလမ်းရှာဖို့ ရှိနေတယ်လို့လည်း သက်ဆင်က ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ၊ ရေရှည် တည်တံ့တဲ့ အဖြေထွက်ပေါ်လာရေး စိန်ခေါ်မှုနဲ့ အလားအလာများဆိုတဲ့ ခေါင်းစဉ်နဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံးမှာ မေ ၂၇ ရက်က ကျင်းပခဲ့တဲ့ အခမ်းအနားမှာ သက်ဆင်က အခုလိုမျိုး ပြောကြားသွားတာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲမှုဟာ လက်ရှိနဲ့ အနာဂတ် အန္တရာယ်ဖြစ်ကြောင်း၊ မိမိတို့ရဲ့ ကလေးတွေနဲ့ လူငယ်တွေကို ဖျက်ဆီးနေတယ်လို့ သက်ဆင်က ပြောပါတယ်။
အတိတ်က အဓိက မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေဟာ ထိုင်းနိုင်ငံမှာ အခြေစိုက်ခဲ့ကြပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှု စုစုပေါင်းရဲ့ ထက်ဝက်ကို မိမိတို့ နိုင်ငံတွင်းမှာ ထုတ်လုပ်တာ ဖြစ်ကာ ကျန်ထက်ဝက်ကို ပြည်ပမှာ ထုတ်လုပ်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရွှေတြိဂံဒေသမှာ ရှိနေတဲ့ ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်ထားရာ ဒေသဟာ မူးယစ်ဆေးဝါး ထုတ်ရာ အဓိကဒေသ ဖြစ်တယ်လို့လည်း သက်ဆင်က စွပ်စွဲထားပါတယ်။
‘ဝ’ တပ်ဖွဲ့ရဲ့ မူးယစ်ဆေး ထုတ်လုပ်မှုတွေ ရပ်တန့်သွားစေရေး နည်းလမ်း ရှာဖွေဖို့ နိုင်ငံခြားရေးဝန်ကြီးက အိမ်နီးချင်းနိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တစ်လ၊နှစ်လ အတွင်း တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မူးယစ်ဆေးဝါး ဆက်လက်ထုတ်လုပ်နေသူတွေဟာ ထိုင်းနိုင်ငံရဲ့ ရန်သူ ဖြစ်ပြီး မိမိတို့ရဲ့ ရန်သူတွေအပေါ် မသနားသင့်ဘူးလို့ သူက ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင် ပတ်သက်နေတာကြောင့် ဒီကိစ္စကို စစ်ကောင်စီက မဖြေရှင်းပေးနိုင်ဘူးလို့ ပြောလာရင်တော့ မိမိတို့ ကိုယ်တိုင် တိုက်ရိုက် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်ကောင်း လိုအပ်မှာ ဖြစ်တယ်လို့ သက်ဆင်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
Ref:Bangkokpost