မြဝတီ၊ မေ၂၈

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေဒေသ သေဘောဘိုးကျေးရွာမှာ KNLA တပ်မဟာ ၆ ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် ဒေသခံပြည်သူဦးရေ ၃၀၀ နီးပါး ထိုင်းနိုင်ငံထဲကို ထွက်ပြေးရောက်ရှိလာတယ်လို့ ထိုင်းစစ်တပ်သတင်းရင်းမြစ်တွေက ထုတ်ပြန်ထားပါတယ်။

KNU ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် တပ်မဟာ ၆ နယ်မြေ မြဝတီမြို့တောင်ဘက် သေဘောဘိုးကျေးရွာထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို မေ ၂၇ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်း၊ စနိုက်ပါတွေနဲ့ တိုက်ခိုက်နေတာပါ။

စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ အ ပြင်းအထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် သေဘောဘိုးကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေ ဒေသခံပြည်သူဦးရေ ၃၀၀ နီးပါးဟာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ထဲက နေရာ ၃ ခုဆီ ထွက် ပြေးရောက်ရှိလာတယ်လို့ ထိုင်းစစ်တပ်သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

ထွက်ပြေးရောက်ရှိလာတဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေကို ထိုင်းစစ်တပ်အာဏာပိုင် အဖွဲ့အစည်းတွေက လူသားချင်းစာနာမှုအကူအညီတွေပေးပြီး နယ်စပ်လုံခြုံရေးကိုလည်း အင်အားအပြည့်နဲ့ စောင့်ကြည့်လျက်ရှိနေတယ်လို့ ထိုင်းစစ်တပ်သတင်းရင်းမြစ်က အသိပေးထားပါတယ်။

မြဝတီ-ဝေါ်လေ ကားလမ်းအနီးမှာရှိပြီး KNLA တပ်မဟာ ၆ ပူးပေါင်းအဖွဲ့ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ သေ့ဘောဘိုးတပ်စခန်းဆီ စစ်ကူပေးဖို့အတွက် စစ်ကောင်စီတပ်က ဝေါ်လေဗျူဟာကနေ မေ ၂၇ ရက်နေ့ မနက်ပိုင်းက စစ်ကြောင်းထိုးလာနေတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ကရင်ပြည်နယ် ဝေါ်လေဒေသအတွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့ကစပြီး KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းရံပိတ်ဆို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ထိုင်းနယ်စပ်အနီးက ဘလယ်ဒိုစခန်းကို မေ ၂၃ ရက် ညနေပိုင်းက KNLA KNDO PDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ အများအပြားရရှိခဲ့တာ ဖြစ်ပါတယ်။

မြဝတီ-ဝေါ်လေ ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ သေဘာဘိုး၊ ဥကရစ်ထ၊ ဝါးမီးထစခန်းနဲ့ ဝေါ်လေဗျူဟာအပြင် မော်ခီး၊ ကနဲလေး၊ ထီးကပလယ် စတဲ့ စခန်းတွေကျန်ရှိနေသေးပြီး အဲဒီစခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်နေတယ်လို့လည်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.