ကျိုက်ထို၊ မေ ၂၈

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း တပ်ပြန်ဆုတ်သွားပေမယ့် လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်ရှိနေတာကြောင့် စစ်ရှောင်ပြည်သူ ၁၇၀၀၀ ကျော် နေရပ်မပြန်ရဲသေးဘူးလို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။

အင်အား တစ်ထောင်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ မေ ၂၆ ရက်နေ့ကစလို့ ဝေါ၊ သိမ်ဇရပ်နဲ့ ကျိုက်ထိုအခြေစိုက်တပ်ရင်းတွေထံ ပြန်လည်ဆုတ်ခွာသွားတာပါ။

စစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာသွားပေမယ့် စစ်ကောင်စီတပ်က ကျိုက်ထိုမြို့နယ်အတွင်းရှိ အရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်လက်ကျူးလွန်နေပါတယ်။

စစ်ရှောင်ဒေသခံတွေဟာ လက်နက်ကြီးရန်ကြောင့် တောတောင်တွေထဲမှာ ဆက်လက်နေထိုင်နေရပြီး မိုးတွင်းကာလ ကျရောက်လာတာကြောင့် အမိုးအကာအကူအညီလိုအပ်မှု မြင့်တက်လာတယ်လို့ KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်နေ့ရက် ရှည်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာဆေးဝါးအပါအဝင် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းမပြန်ဆုတ်မီ ဝင်းကံကျေးရွာအုပ်စုက နေအိမ် ၂၀၀ နီးပါး ဖောက်ထွင်းခဲ့ပြီး တန်ဖိုးရှိ ပစ္စည်း အများအပြား သယ်ဆောင်သွားတာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ အချက်အလက်တွေအရ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့အတူ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေး ရွာပေါင်း ၃၆ ရွာက လူဦးရေ ၁၇၀၀၀ ကျော် စစ်ရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.