မော်လမြိုင် ၊ မေ ၂၈
မြန်မာ့အရေးပြဿနာကို ဖြေရှင်းဖို့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ အာဆီယံရဲ့ ဦးစား ပေးကိစ္စမဟုတ်ဘဲ ပဋိပက္ခအခြေအနေ ပိုဆိုးသွားနိုင်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က သတိပေးလိုက်ပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပြုလုပ်ခဲ့ပြီး မေ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
ရွေးကောက်ပွဲဟာ နိုင်ငံတကာမှာ အမှန်တရားကို ဖုံးကွယ်ဖို့လုပ်နေတဲ့ အပြင်အဆင်တစ်ခုဖြစ်လို့ အဓိပ္ပာယ်မရှိသလို အခြေအနေတွေ ပိုဆိုးလာနိုင်စေတဲ့အတွက် စစ်ကောင်စီအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့ တောင်းဆိုပါတယ်။
အဲဒီဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ပြီးမှသာ ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးမှုတွေလုပ်ဖို့ ပြောဆိုထားပြီး အားလုံးပါဝင်တဲ့ ညှိနှိုင်းမှုလုပ်ငန်းစဉ် အောင်မြင်မှသာ စစ်မှန်တဲ့ဒီမိုကရေစီအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားတာပါ။
အပစ်ရပ်မဟာမိတ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သက်ဆိုင်သူတွေပါဝင်တဲ့ ဆွေး နွေးရေးအခင်းအကျင်းဖြစ်ဖို့ မလေးရှားကနေ စတင်ကြိုးပမ်းမှုဟာ အားပြုစရာအဖြစ် မျှော်လင့်လို့ရမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အာဆီယံက ကြိုးပမ်းနေတဲ့ သက်ဆိုင်သူများ အားလုံးပါဝင်တဲ့ စကားပြောဆိုတဲ့ အခင်းအကျင်းဆိုတာကတော့ ဒီအချိန်မှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီးရှိတယ်ဆိုတာကတော့ ပကတိအရှိတရားဖြစ်တဲ့အတွက်မို့ ကျွန်တော်တို့ လက်ခံပေးရမှာဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မလုပ်တာထက်စာလို့ရှိရင်တော့ အခု မလေးရှားကနေ စတင်ကြိုးပမ်းလုပ်ဆောင်နေတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေက ကျွန်တော်တို့အနေနဲ့ အားပြုစရာတစ်ခုအနေနဲ့ မျှော်လင့်လို့ရမယ် ထင်ပါတယ် ခင်ဗျ” လို့ ဆိုပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အင်အားကြီး တရုတ်နဲ့ရုရှားနိုင်ငံတို့က ပေါ်ပေါ်တင်တင် အပြည့်အဝထောက်ခံထားပြီး လိုအပ်တဲ့ အကူအညီတွေလည်း ပံ့ပိုးပေးသွားဖို့ ရှိနေတာပါ။
စစ်ကောင်စီကလည်း မေလကုန်အထိ အပစ်ရပ်ထားပေမယ့် အရပ်သားတွေကို ပစ်မှတ်ထားပြီး စာသင်ကျောင်းတွေ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
တစ်ဘက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ထိုင်း၊စင်ကာပူ၊မလေးရှားနဲ့ အင်ဒိုနီးရှားက ကုမ္ပဏီ ၅၄ ခုဟာ စစ်ကောင်စီကို အခွန်ငွေ၊ လေယာဉ်ဆီနဲ့ နည်းပညာတွေ ပံ့ပိုးကူညီနေတယ်လို့ Justice For Myanmar က မေ ၂၄ ရက်နေ့မှာ အသိပေးထားတာပါ။
ဒီအခြေအနေတွေကြောင့် ရွေးကောက်ပွဲကျင်းပဖို့ အင်အားကြီးနိုင်ငံတချို့ရဲ့ ထောက်ခံချက်ကို ရရှိထားတဲ့ စစ်ကောင်စီအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပါအဝင် အာဆီယံကိုဂရုစိုက်မှာ မဟုတ် ဘူးလို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
မြန်မာ့အရေး သက်ဆိုင်သူတွေအားလုံး အပစ်အခတ်ရပ်စဲဖို့ တွေ့ဆုံညှိနှိုင်းမှုတွေ လိုအပ်နေပြီး မြန် မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်တစ်ဦးကို သုံးနှစ်သက်တမ်းခန့်အပ်ဖို့ အာဆီယံအဖွဲ့အတွင်း သဘောတူထားတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောထားတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ အတင်းအကြပ်ဖိအားပေးပြီး စေ့စပ်ဆွေးနွေးစေခြင်းနဲ့ အပစ်အခတ်ရပ်စဲစေခြင်းက ရေရှည်မှာ ပြဿနာပြေလည်ရေးကို အထောက်အကူဖြစ်မှာ မ ဟုတ်ဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
အာဆီယံအနေနဲ့ ဘုံရပ်တည်ချက် သဘောထားတွေ ပေါ်ပေါက်နိုင်ရေး တော်လှန်ရေးအင်အားစုတွေအချင်းချင်း တွေ့ဆုံဆွေးနွေးနိုင်မယ့်အခင်းအကျင်းတွေ ဖြစ်ပေါ်လာရေးကို ဦးစွာ အကူအညီပေးသင့်တယ်လို့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ပြော ဆိုခဲ့တာပါ။
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်နဝါကလည်း မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ တိတ်တ ဆိတ် ထိတွေ့ဆက်ဆံမှုဟာ ထိရောက်တဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်လို့ ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အဖွင့်အမှာစကားပြောကြားခဲ့တာပါ။
အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ဧပြီလအတွင်း ဝန်ကြီးချုပ် အန်နဝါက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့သလို NUG အစိုးရ နဲ့လည်း အွန်လိုင်းကနေ တွေ့ဆုံထားကြတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Asean FB