မကွေး၊ မေ ၂၇

မကွေးတိုင်း မကွေးအကျဉ်းထောင်မှာ ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ဟာ ဆေး ကုသခွင့်မရဘဲ တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန် ရက် PPNM ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့က မကွေးအကျဉ်းထောင်အရှေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်ကို မြေပြင်မှာ ဝမ်းလျားမှောက်ခိုင်းကာ အပြင်းအထန် ရိုက်နှက်နှိပ်စက်ခဲ့ပါတယ်။

ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ၂၀၀ ကျော်ကို ထောင်အာဏာပိုင်တွေ တိုက်ပိတ်ထားတာ တစ်လကျော် ကြာမြင့်နေပြီ ထောင်ဝင်စာ ပါဆယ်ပို့ခွင့်လည်း ပိတ်ပင်ထားတယ်လို့ PPNM က ဆိုပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေအပေါ် ထောင်အာဏာပိုင်တွေရဲ့ တရားမဲ့စွာ ပြုလုပ်နေမှုတွေဟာ လူ့အခွင့်အရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေခြင်း ဖြစ်ပြီး ဒီဖြစ်စဉ်အပေါ် အပြည့်အဝ တာဝန်ယူရမယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလုပ်ရပ်အတွက် PPNM အနေနဲ့ စုံစမ်းမှုတွေပြုလုပ်ကာ ကျူးလွန်သူတွေကို ဖော်ထုတ်သွားမှာဖြစ်ပြီး အရေးယူမှုတွေကိုလည်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PPNM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.