ဘီးလင်း၊ မေ ၂၇

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တညင်ပင်ကျေးရွာ ဘီးလင်း-နတ်ကြီးလမ်းပိုင်းပေါ်က တံတားတစ်စင်း မိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဘီးလင်း-နတ်ကြီးလမ်းပိုင်းပေါ်က တံတား အရှည် ၈၀ ပေ၊ အကျယ်၂၄ ပေရှိ သံကူကွန်ကရစ်အမျိုးအစားဖြစ်တဲ့ တံတားအမှတ် (၃/၁၇) ကို မနေ့ မေ ၂၆ ရက်နေ့ မနက်ပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရတာပါ။

မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားတဲ့အတွက် ဘီးလင်း-နတ်ကြီးလမ်းပိုင်း ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ဒီတံတားကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက မိုင်းခွဲဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ဖော်ပြထားပါတယ်။

ဘီးလင်း-နတ်ကြီးလမ်းပိုင်းမှာ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာကြောင့် စစ်ရေးအရ ဖြတ်တောက်လိုက်ရတာ ဖြစ်တယ်လို့ KU သထုံခရိုင် တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးထားရတဲ့ ဘီးလင်းမြို့နယ်ရှိ မဲပလီစခန်းကို ပြန်လည်သိမ်းပိုက်ဖို့ တပ်အင်အားတိုးချဲ့တာတွေ ရှိနေပြီး လက်နက်ခဲယမ်းတွေကိုလည်း ဘီးလင်း-နတ်ကြီးလမ်းပိုင်းကတဆင့် ပို့ဆောင်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

KNU သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီက နယ်မြေပြန်လည်စိုးမိုးရေးအတွက် အင်အားတိုးချဲ့တာ၊ စစ်ကြောင်းထိုးတာတွေ ရှိနေတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.