နေပြည်တော် ၊ မေ ၂၈
မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း တရားမဝင်ကုန်ပစ္စည်းတွေ တင်ပို့မှုနဲ့ တင်သွင်းမှုတွေ များပြားလာတယ်လို့ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဝန်ခံပါတယ်။
မေ၂၆ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ဒုစစ်ခေါင်းဆောင်က ဝန်ခံခဲ့တာပါ။
ဒါကြောင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လက်ဆောင် ရွက်ကြဖို့နဲ့ နိုင်ငံအတွင်း ထိထိမိမိဖမ်းဆီးကြဖို့ သူ့လက်အောက်ခံ ဌာနဆိုင်ရာတွေကို ညွှန်ကြားခဲ့ပါတယ်။
တရားမဝင်ကုန်သွယ်မှုတွေကို ပိုမိုဖမ်းဆီးနိုင်ဖို့အတွက် ကုန်သွယ်ဖက် အိမ်နီးချင်းနိုင်ငံတွေနဲ့ သ တင်းတွေ ဖလှယ်တာ၊ အစိုးရအချင်းချင်း၊ ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဖို့ ညွှန်ကြားခဲ့တာပါ။
စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကတော့ တရားမဝင်ကုန်သွယ်မှုတွေ ဖြစ်ပေါ်ရတာဟာ တရားဝင် လုပ်ဖို့အတွက် အခက်အခဲရှိတဲ့အပြင် ဂိတ်တွေတိုးပြီး တရားမဝင်ခွင့်ပြုထားတာကြောင့် ဝေဖန်ပါတယ်။
“သူတို့ဒီသွင်းကုန်ထုတ်ကုန်ကို နည်းနည်းလေးအခက်အခဲ ရှိတာကလေ တရားဝင်ဖြစ်ဖို့ လုပ်ရတဲ့ လမ်းကြောင်းတွေက နည်းနည်းခက်ခဲတဲ့အတွက်ကြောင့်လည်း တရားမဝင်သယ်တာတွေ ဖြစ်တာပေါ့။ ဂိတ်တွေအများကြီး တိုးလာတယ်။ အဲဒါတွေကြောင့် တရားမဝင်ကုန်သွယ်မှုတွေ များလာတာ” လို့ ဆိုပါတယ်။
ဒုစစ်ခေါင်းဆောင်ကတော့ နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး နယ်မြေလုံခြုံရေး အခြေအနေအရ နယ်စပ်ကုန်သွယ်ရေးတွေ ခေတ္တရပ်တန့်နေတာကြောင့် တရားမဝင်ကုန်ပစ္စည်းတွေတင်ပို့မှုနဲ့ တင်သွင်းမှုတွေ များပြားလာတာ ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။
တရားမဝင်ကုန်သွယ်မှုတွေကို ထိရောက်စွာ တိုက်ဖျက်နိုင်ဖို့အတွက် စစ်ကောင်စီအနေနဲ့ ၂၀၂၂ ခုနှစ်မှစတင်ကာ ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး သုံးနှစ်နဲ့ လေးလတာကာလအတွင်း တရားမဝင် ကုန်သွယ်မှုအနေနဲ့ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကို အများဆုံး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကိုတော့ အလေအလွင့် အဆုံးအရှုံး နည်းအောင် ထိန်းသိမ်းတာ၊ စစ်ဆေးတဲ့ ဥပဒေအပိုင်းကလည်း မြန်မြန်ဆန်ဆန်စစ်ဆေးပြီး အမြန်ဆုံး ထုခွဲရောင်းချတာအပြင် နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် အမြန်ဆုံးသိမ်းဆည်းဖို့ ဒုစစ်ခေါင်းဆောင်က ညွှန်ကြားခဲ့ပါသေးတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ပြင် ဆင်ဖွဲ့စည်းပြီးနောက် အမှုတွဲပေါင်း ၂၀၀၀၀ ကျော် ၊ ခန့်မှန်းတန်ဖိုး ကျပ် ၅၇၆ ဘီလီယံအထိ ဖမ်း ဆီးဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI