ဒါကာ၊ မေ ၂၇
ဘင်္ဂလားဒေ့ချ်မှာ နိုင်ငံရေး မသေချာမှုနဲ့ မကျေနပ်မှုတွေ ပိုများလာနေချိန် အိမ်စောင့်အစိုးရကို အစိုးရဝန်ထမ်းတွေ ဆန္ဒပြရာမှာ မေ ၂၆ ရက်ကစလို့ မူလတန်းပြ ဆရာဆရာမတွေ ပါဝင်လာတာကြောင့် အစိုးရအပေါ် ဖိအား ပိုများလာပါတယ်။
ကျောင်းသားတွေ ဦးဆောင်တဲ့ ဧရာမ ဆန္ဒပြပွဲတွေကြောင့် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ အိန္ဒိယသို့ ထွက်ပြေးသွားပြီးနောက် အသက် ၈၄ နှစ် အရွယ် နိုဗယ်ဆုရှင် မိုဟာမတ် ယူနာ့စ် ဦးဆောင်ပြီး အိမ်စောင့်အစိုးရက ပြီးခဲ့တဲ့နှစ် သြဂုတ်လက စတင် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

အထွေထွေ ရွေးကောက်ပွဲ မကျင်းပနိုင်ခင် အသွင်ကူးပြောင်းရေး ကာလတလျှောက် နိုင်ငံကို ဦးဆောင်ဖို့ ယူနာ့စ် အစိုးရက ကြိုးပမ်းနေချိန်မှာ နိုင်ငံရေးပါတီတွေ၊ စစ်တပ်၊ အစိုးရဝန်ထမ်းတွေနဲ့ ဆရာ၊ဆရာမတွေရဲ့ ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရပါတယ်။
မှားယွင်းတဲ့ လုပ်ရပ်တွေအတွက် အစိုးရဝန်ထမ်းတွေကို ပြည်သူ့ အုပ်ချုပ်ရေးဝန်ကြီးဌာနက ရှည်ရှည်ဝေးဝေး စစ်ဆေးစရာမလိုဘဲနဲ့ ထုတ်ပယ်ခွင့်ပြုကြောင်း အစိုးရက မေ ၂၅ ရက်မှာ ကြေညာခဲ့တာပါ။

ဒီခွင့်ပြုချက်ကို ချက်ချင်း ရုတ်သိမ်းဖို့ အစိုးရဝန်ထမ်းတွေ တောင်းဆို ဆန္ဒပြနေကြတာ ၄ ရက်တိုင်ပြီ ဖြစ်ပါတယ်။
မူလတန်းပြ ဆရာဆရာမတွေလည်း အလုပ်မဆင်းတော့ဘဲ မေ ၂၆ ရက် ဆန္ဒပြပွဲတွေမှာ ပါဝင်လာခဲ့ပြီး လစာတိုးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်နဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံရေး ပါတီတွေက သဘောမတူရင် မိမိရာထူးက နုတ်ထွက်နိုင်တယ်လို့ ယူနာ့စ်က ပြောထားကြောင်း ထိပ်တန်း ကျောင်းသားခေါင်းဆောင် တစ်ဦးက ပြောကြားပြီးနောက် နိုင်ငံရေး မရေရာမှု ပိုမို နက်ရှိုင်းလာခဲ့ပါတယ်။
ဒါပေမဲ့ ယူနာ့စ် နုတ်ထွက်မှာ မဟုတ်ဘူးလို့ သူ့ရဲ့ အစိုးရအဖွဲ့ အကြံပေး အရာရှိ ဝါဟစ်ဒူဒင် မာမွတ်က ပြောထားပါတယ်။
၂၀၂၆ ခုနှစ် ဇွန်လမှာ ရွေးကောက်ပွဲ ကျင်းပနိုင်တယ်လို့ ယူနာ့စ်က ပြောထားပေမယ့် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ချ် အမျိုးသားရေး ပါတီ BNP က ဒီဇင်ဘာမှာ ကျင်းပပေးဖို့ တွန်းအားပေးနေပါတယ်။
ဘင်္ဂလားဒေ့ချ် စစ်ဖက်ဆိုင်ရာအကြီးအကဲ ဗိုလ်ချုပ် ဝါကာ အူဇာမန်ကလည်း ဒီဇင်ဘာမှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က တောင်းဆိုခဲ့တာကြောင့် အိမ်စောင့်အစိုးရအပေါ် ဖိအားတွေ ပိုများလာခဲ့တာ ဖြစ်ပါတယ်။
Ref:Reuters