မကွေး မေ ၂၇
မကွေးတိုင်း စလင်းမြို့နယ်က စစ်ကောင်စီစစ်ကြောင်း အထိုင်ချနေရာကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင် ထိခိုက်သေဆုံးတယ်လို့ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၄ ရက်က အိုးသယ်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
“ရှေ့လျှောက် တိုက်ပွဲပိုပြင်းထန်တော့မှာ ဖြစ်တဲ့အတွက် စစ်ရေးသတင်းထုတ်ပြန်ချက်နဲ့ လေကြောင်းအန္တရာယ်ကို အမြဲစောင့်ကြည့်လိုက်နာကြဖို့ လိုပါတယ်” လို့ Yenanthar Column တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ခိုက်မှုကိုတော့ မကွေးတိုင်း ပက.ဖ စစ်ကြောင်း Yenanthar Column ၊ မင်းဘူးခရိုင်အမှတ်-၅ တပ်ရင်း ၊ Bamar Army ၊ မကွေးတိုင်း အထူးလှုပ်ရှားတပ်ရင်း SR – 7 ၊ စလင်းမြို့နယ် ပကဖ ၊ ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း ၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့် သူနာပြုအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ မေ ၁၃ ရက်ကနေ မေ ၂၅ ရက်အထိ စလင်းမြို့နယ်က ကျေးရွာတွေကို ဝင်ရောက်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၂၅၀ ဝန်းကျင်ပါ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။
မေ ၁၅ ရက်က ပိန်ဒဲပင် – ငါးလင်ပန်းကျေးရွာ ရောက်ရှိချိန် ဗုံးသီးချတိုက်ခိုက်မှု ၁ ကြိမ် ၊ မေ ၁၆ ရက်က ၆၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်မှု ၁ ကြိမ် ၊ မေ ၁၉ ရက်က ဂွေးကုန်း – ငါးသန်းခေါင်းကျေးရွာ တံတားမြောက်ဘက်ခြမ်း ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားမှု ၁ ကြိမ် စစ်ကြောင်းကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မေ ၂၂ ရက်မှာ ဂွေးကုန်း – ငါးသန်းခေါင်ကျေးရွာအနီး တိုက်ပွဲပြင်းထန်ကာ မေ ၂၃ ရက်မှာ စနေချောင်နဲ့ရွှေကူကျေးရွာကြားတိုက်ပွဲ ၁ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းက အိုးသယ်ကျေးရွာကို ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက စစ်ကြောင်းတစ်လျှောက် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၆ ဦးကို သတ်ဖြတ်သွားကာ တိုက်ပွဲအတွင်း Yenanthar Column က ရဲဘော် ၁ ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media